အမှတ်(၁၃) တွဲဘက်အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)သည် အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်

 

တောင်ကြီး   စက်တင်ဘာ   ၁၉

1

 

   ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)သည် အမှတ်(၂၂၂) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းအတွင်း တည်ရှိပြီး ကျောင်းဧရိယာ အကျယ်အဝန်း(၅.၂၈)ဧကရှိ၍ ၁၉၅၈-ခုနှစ်မှ စတင်၍ ကျောင်းစတင်ဖွင့်လှစ်ခဲ့ပါသည်။

 

   ကျောင်းအတွင်း စာသင်ဆောင်(၇)ဆောင်ရှိပြီး၊ ဆရာ/ဆရာမ၊ ဝန်ထမ်းအင်အား (၄၉)ဦးဖြင့် အထက်တန်းအဆင့် (၃၂၈)ဦး၊ အလယ်တန်းအဆင့် (၄၉၅)ဦး၊ မူလတန်းအဆင့် (၃၄၅)ဦး စုစုပေါင်း (၁၁၆၈)ဦးတို့အား ပညာသင်ကြားပေးလျက်ရှိပါသည်။

 

   ပညာရေးဝန်ကြီးဌာန၏ မသင်မနေရ မူလတန်းပညာရေးစနစ်ကို ဦးတည်၍ အခြေခံပညာကျောင်းများ၊ ကျောင်းခွဲများနှင့် တွဲဘက်ကျောင်းများအနက် အဆင့်တိုးမြှင့်သင့်သည့် ကျောင်းများကို အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့ရာ အမှတ်(၁၃) တွဲဘက်အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)သည် အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခဲ့သဖြင့် (၁၈.၉.၂၀၁၃)ရက်နေ့တွင် အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။

 

   အဆိုပါ ကျောင်းအဆင့်တိုးမြှင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေနှင့် ကျောင်းအကျိုးတော်ဆောင် နာယကတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆိုင်းဘုတ်ကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ စက်ခလုတ်နှိပ်၍ နံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ပါသည်။

 

   ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင်အမှာစကား ပြောကြားပေးခဲ့ပြီး ရှမ်းပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေမှ ကျောင်းအဆင့်တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ပညာရေးဌာန၏ သဘောထားနှင့် လမ်းညွှန်မှုကို ရှင်းလင်းပြောကြားပြီး ကျောင်အုပ်ဆရာကြီး ဦးချစ်ဇော်မှ ကျောင်းသမိုင်းနှင့် ကျောင်း၏အခြေအနေများကို တင်ပြခဲ့ပါသည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် (၁၀)သိန်းနှင့် ကွန်ပျူတာတစ်စုံအား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးချစ်ဇော်မှ လက်ခံရယူပေးပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ အလှူငွေများ အသီးသီး ပေးအပ်လှူဒါန်းခဲ့သော ရပ်ကွက်နှင့် ကျေးရွာများ၊ ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းများ အသီးသီး ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးချစ်ဇော်မှ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပြွ အထိမ်းအမှတ်အလံများကို ပေးအပ်ခဲ့သည်။ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌနှင့် ရပ်ကွက်နှင့် ကျေးရွာလူထုကိုယ်စား တက်ရောက်လာသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြသည်။

 

   ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်သည့် အခမ်းအနား အောင်မြင်စွာပြီးမြောက်ခြင်း အထိမ်းအမှတ်အဖြစ် အမှတ်တရသစ်ပင်များ စိုက်ပျိုးပေးခဲ့ကြပြီးနောက် ကျောင်းဝင်းအတွင်း ခင်းကျင်းပြသထားသော ဓါတ်ပုံပြခန်းနှင့် အိမ်တွင်းမှုပြခန်းတို့အား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။