IKBZ Insurance Co,.Ltd ရှမ်းပြည်နယ်ရုံးချုပ် ဖွင့်လှစ်

တောင်ကြီး   စက်တင်ဘာ  ၂၆

 

1

 

   အပြည်ပြည်ဆိုင်ရာကမ္ဘောဇ အာမခံလုပ်ငန်းသည် ပြည်သူများ၏ အသက်စည်းစိမ်ဥစ္စာနှင့် စီးပွားရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်းမှ ပြန်လည်အစားထိုးကာကွယ်ပေးရန်အတွက် မီးအာမခံ၊ အလုံးစုံမော်တော်ယာဉ်အာမခံ၊ ပြည်သူပြည်သား အသက်အာမခံ၊ စုပေါင်းအသက်အာမခံ၊ မြွေအန္တရာယ်အာမခံ၊ အားကစားသမားများ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ ငွေသားလုံခြုံမှုအာမခံ၊ ငွေပို့ငွေသယ်အာမခံနှင့် သမာဓိအာမခံတို့ကို ဆောင်ရွက်ပေးလျှက်ရှိရာ အပြည်ပြည်ဆိုင်ရာကမ္ဘောဇ အာမခံလုပ်ငန်း(IKBZ Insurance)၊ ရှမ်းပြည်နယ်ရုံးချုပ် ဖွင့်ပွဲကို စက်တင်ဘာ(၂၆)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ကမ္ဘောဇဘဏ်၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပုဂ္ဂလိကအာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဦးအေးမင်းသိန်း၊ အပြည်ပြည်ဆိုင်ရာကမ္ဘောဇ အာမခံလုပ်ငန်း ဒါရိုက်တာ ဦးကောင်းမြတ်နှင့် ရှမ်းပြည်နယ်ရုံးချုပ်တာဝန်ခံ ဦးကျော်ဇောတို့က အပြည်ပြည်ဆိုင်ရာကမ္ဘောဇ အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်ရုံးချုပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

   ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့သည် အာမခံလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုကြသည်။

 

   ထို့နောက် အခမ်းအနား အစီအစဉ်အရ တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်တွင် အာမခံလုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးအေးမင်းသိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး၊ အပြည်ပြည်ဆိုင်ရာကမ္ဘောဇ အာမခံလုပ်ငန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်မှ ရှမ်းပြည်နယ်ရုံးချုပ် ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

   အပြည်ပြည်ဆိုင်ရာကမ္ဘောဇ အာမခံလုပ်ငန်း(IKBZ Insurance)၊ ရှမ်းပြည်နယ်ရုံးချုပ် ဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အပြည်ပြည်ဆိုင်ရာကမ္ဘောဇ အာမခံလုပ်ငန်း ဥက္ကဌ ဦးအောင်ကိုဝင်း၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ မြန်မာ့အာမခံလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အာမခံကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။