ရှမ်းပြည်နယ်သတင်းများ

တောင်ကြီးတက္ကသိုလ် (၃)ထပ်စာသင်ဆောင်(၃)လုံး ထပ်မံတည်ဆောက်ရန်အတွက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တင်ဒါရွေးချယ်အောင်မြင်ခဲ့သော ကုမ္ပဏီများ တွေ့ဆုံမိတ်ဆက်ခြင်း

တောင်ကြီး  စက်တင်ဘာ လ ၂၅ ရက်

 

2

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်) မန္တလေးမြို့မှ တောင်ကြီး တက္ကသိုလ်တွင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုရန်ပုံငွေ (ငွေလုံးငွေရင်း)ဖြင့် တည်ဆောက်မည့် (၃)ထပ်စာသင်ဆောင် (၁၉၂+ ထ ၃၈+) သံကူကွန်ကရစ် (ရေမီးအပါအဝင်) (၃)လုံးအား ခွင့်ပြုပေးခဲ့ပါသည်။

 

တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်တင်ဒါ စိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီနှင့် ပြည်နယ်ကြမ်းခင်းဈေး တွက်ချက်ရေးလုပ်ငန်းကော်မတီတို့မှ (၁၆-၉-၂ဝ၁၃)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ အိတ်ဖွင့်တင်ဒါရွေးချယ်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

 

တင်ဒါရွေးချယ်ရေးလုပ်ငန်းကော်မတီမှ တင်ပြခဲ့သော ကုမ္ဋဏီများအား (၁၇-၉-၂ဝ၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးအမှတ်စဉ် (၂၁/ ၂ဝ၁၃) ဆုံးဖြတ်ချက်အပိုဒ်- ၇(ဇ)ဖြင့် (၁) အောင်ချမ်းသာကုမ္ပဏီ (၂) Rising Sun ကုမ္ပဏီ (၃) ပြည့်ဝခိုင်မာကုမ္ပဏီတို့အား တင်ဒါရွေးချယ်အောင်မြင်သော ကုမ္ပဏီများအဖြစ် အတည်ပြုရွေးချယ်ခဲ့ပါသည်။

 

(၂၅-၉-၂ဝ၁၃)ရက်နေ့ နေ့လည်(၂)နာရီအချိန်တွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ တောင်ကြီးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် တင်ဒါရွေးချယ်အောင်မြင်သော ကုမ္ပဏီများနှင့် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို တောင်ကြီးတက္ကသိုလ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

 

အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်မှ တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် မိတ်ဆက်ပေးပါသည်။ ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ တင်ဒါစာချုပ်အား (၂၆-၉-၂ဝ၁၃)ရက်နေ့တွင် ချုပ်ဆိုသွားရန် မှာကြားပါသည်။ 

 

ပြည့်ဝခိုင်မာကုမ္ပဏီမှ တက္ကသိုလ်အဆောင်များ ဆောက်လုပ်ခဲ့သည့် အတွေ့အကြုံရှိသဖြင့် အထွေအထူး တင်ပြရန်မရှိကြောင်း၊ ဆောက်လုပ်မည့် အချိန်ကာလကို သတ်မှတ်ပေးစေလိုကြောင်း တင်ပြပါသည်။

 

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ စာသင်ဆောင်များအား (၁-၁ဝ-၂ဝ၁၃)မှ (၂ဝ-၃-၂ဝ၁၄) ရက်နေ့အထိ သတ်မှတ်ကာလ(၆)လအတွင်း အပြီးဆောက်လုပ်ပေးရန်၊ ကျောင်းသား/ ကျောင်းသူများဖြစ်ကြတဲ့ သားသမီးများ ပညာသင်ကြားမည့် အဆောက်အဦများဆောက်လုပ်ရာတွင် သတ်မှတ်အရည်အသွေးပြည့်မှီအောင်  ဆောက်လုပ်ပေးကြရန်နှင့် ရေမီးအစုံအလင်ဖြင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောက်လုပ်ပေးကြရန်ကိုလည်း အလေးအနက် မှာကြားခဲ့ပါသည်။

 

Rising Sun ကုမ္ပဏီမှ ရှမ်းပြည်နယ်၏ အထင်ကရဖြစ်သော တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပြိုင်ပွဲနှင့် တိုက်ဆိုင်နေပါ၍ ဒေသခံ အလုပ်သမားများဖြင့် လုပ်ငန်းဆောင်ရွက်ရန် အခက်အခဲနှင့် ကြုံတွေ့ရမည်ဖြစ်ပါ၍ ရပ်ဝေးဒေသမှ အလုပ်သမားများကို အသုံးပြုခွင့်ပေးစေလိုကြောင်း၊ ဒေသခံများအား အခြားလုပ်ငန်းများတွင် အသုံးပြုပေးမည် ဖြစ်ပါကြောင်း၊ အလုပ်သမားများအား ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း နေထိုင်ခွင့် ပြုစေလိုကြောင်းနှင့် အဆောက်အဦဟောင်းများ ဖျက်သိမ်းရှင်းလင်းရာတွင် တယ်လီဖုန်းကြိုး၊ မီးကြိုးများကိုလည်း ရွှေ့ပြောင်းရမည် ဖြစ်ပါ၍ သတ်မှတ်အချိန်ကာလအတွင်း ထည့်သွင်းပေးစေလိုပါကြောင်း တင်ပြဆွေးနွေးပါသည်။

 

တက္ကသိုလ်ပါမောက္ခချုပ်မှ ကျောင်းအတွင်း၌ ကျောင်းသား/ သူများ စာသင်ကြားရာတွင် အနှောက်အယှက်ဖြစ်နိုင်ပါ၍ ဆောက်လုပ်ရေးအလုပ်သမားများအား ကျောင်းဝင်းအတွင်း နေထိုင်ခွင့် မပြုနိုင်ပါကြောင်း၊ တက္ကသိုလ်အားကစားရုံအရှေ့ရှိ ကတ္တရာလမ်းအပေါ်ဘက် တောင်ကြောများတွင် ယာယီတဲများ ဆောက်လုပ်၍ လုပ်ငန်းများပြီးဆုံးသည်အထိ နေထိုင်၍ရပါကြောင်း ပြန်လည်ရှင်းလင်းပြောကြားပါသည်။

 

ထို့နောက် စာသင်ဆောင်များဆောက်လုပ်မည့် မြေနေရာကို သွားရောက်ကြည့်ရှုခဲ့ကြပြီး အဆောင်(၁) နေရာအား အောင်ချမ်းသာ ကုမ္ပဏီ၊ အဆောင်(၂)နေရာအား Rising Sun ကုမ္ပဏီ၊ အဆောင်(၃)နေရာအား ပြည့်ဝခိုင်မာကုမ္ပဏီတို့ကို ဆောက်လုပ်ရမည့်မြေနေရာ ရွေးချယ်သတ်မှတ်ပေးခဲ့ကြပြီး၊ အဆောက်အဦမျက်နှာစာကို အရှေ့ဘက်သို့ လှည့်ဆောက်ရန်ကိုလည်း သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။ အဆောက်အဦအဟောင်းများကို ဝန်ထမ်း အိမ်ယာများ ပြန်လည်ဆောက်လုပ်နိုင်ရေးအတွက် အဆောက်အဦအဟောင်းများ ဖျက်သိမ်းရာတွင် ဂရုတစိုက် ဖျက်သိမ်းပေးရန်ကိုလည်း မှာကြားခဲ့ပါသည်။

 

အဆောက်အဦအဟောင်းများ အားလုံးဖျက်သိမ်း၍ ပန္နက်ချဆောင်ရွက်မည့် ကဏ္ဍရောက်သည့်အခါတွင် ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုကို ခံယူသွားကြရန် သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 144 guests and no members online