သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ (၅/၂၀၁၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း

တောင်ကြီး   အောက်တိုဘာ  ၀၂

  

1003

 

   ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့နှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်(၈)ရပ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ (၅/၂၀၁၃)ကြိမ်မြောက် အစည်းအဝေးအား (၂.၁၀.၂၀၁၃) ရက်နေ့ (၁၁၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

 

   အစည်းအဝေးတွင် သမဝါယမလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် သမဝါယမအသင်းများရှင်သန် အောင်မြင်ရေး အတွက် ပံ့ပိုးချေးငွေများအား စဉ်ဆက်မပြတ် ထုတ်ပေး နိုင်ရေး၊ ပံ့ပိုးချေးငွေများအား တင်ပြထားသည့် ဦးစားပေးအစီအစဉ်အတိုင်း ထုတ်ချေးပေးနိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများအား အပြည့်အဝ ပံ့ပိုးပေးနိုင်ရေး၊ သမဝါယမ ပညာပေးရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အသင်းသူ အသင်းသားများလိုအပ်သည့် ပစ္စည်းများအား အရစ်ကျစနစ်ဖြင့် ပံ့ပိုးပေးနိုင်ရန် စာရင်းများ စနစ်တကျ ကောက်ခံပြုစုရေး၊ တောင်သူလယ်သမားများအတွက် ဓါတ်မြေသြဇာများ ပံ့ပိုးပေးနိုင်ရေး၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက် လယ်ယာ စိုက်ပျိုးရေး သမဝါယမအသင်းများအား ပညာပေးဆွေးနွေးရေး၊ စံပြအနေဖြင့် ရပ်စောက်မြို့နယ်ရှိ ရောင်ခြည်ဦး လယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းအား စက်မှုလယ်ယာ အဖြစ် အဆင့်မြှင့်တင်နိုင်ရေး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပြီး ဌာနဆိုင်ရာများမှ လိုအပ်သည်များ ပံ့ပိုး၍ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးတို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ 

 

   သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကြီးကြပ်ပြီး ပြည်နယ်သမဝါယမဦးစီးဌာနမှ ကြီးမှူး၍ (၁.၁၀.၂၀၁၃)မှ (၅.၁၀.၂၀၁၃)ထိ ဖွင့်လှစ်သော စာရင်းရေး၊ စာရင်းကိုင်၊ စာရင်းစစ် သင်တန်းအမှတ်စဉ်(၃/၂၀၁၄)တွင် တက်ရောက် နေသော မြို့နယ်(၂၅)မြို့နယ်မှ သမဝါယမ ဦးစီးဌာနမှ ဝန်ထမ်းများ၊ သမဝါယမ အသင်းအဆင့်ဆင့်မှ ဝန်ထမ်းများ၊ အမှုဆောင်များ စုစုပေါင်း (၅၆)ဦး အတွက် လိုအပ်သော အုပ်ချုပ်မှုကိစ္စများ ပြည့်စုံစွာ ဆောင်ရွက်ပေးရေး၊ သင်တန်း ဖွင့်လှစ်ရာတွင် အကျိုးရှိစေရေးအတွက် စနစ်တကျ သင်ကြားပို့ချရေးတို့အား မှာကြားခဲ့ပါသည်။