၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ မူလရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   အောက်တိုဘာ  ၁၇

 1018

 

   ရှမ်းပြည်နယ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ မူလရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ(၁၇)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ မူလရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြောကြားသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နန်းမိုခမ်းမှ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သောအဖွဲ့အစည်းများ၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်း(ယာယီ)နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။

 

   ထို့နောက် အထွေထွေ ဆွေးနွေးကြရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ ဆွေးနွေး တင်ပြကြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်း(ယာယီ)နှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးကြသည်။

 

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။ 

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။