အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ မူလကိန်းဝပ်စံပယ်တော်မူသည့် ရတနာစံကျောင်းတော်ကြီးပေါ်သို့ ပြန်လည်ကြွဝင်

တောင်ကြီး  အောက်တိုဘာ  ၂၂

 

1021

 

   အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ မူလကိန်းဝပ်စံပယ်တော်မူသည့် ရတနာစံကျောင်းတော်ကြီးပေါ်သို့ ပြန်လည်ကြွဝင်သည့် အခမ်းအနားကို အောက်တိုဘာ(၂၂)ရက်၊ နံနက်(၉)နာရီက အဆိုပါ စံကျောင်းတော်၌ ကျင်းပရာ ပထမဦးစွာ ကရဝိတ်ဖောင်တော်ပေါ်မှ ဖော်တော်ဦး ရုပ်ရှင်တော်မြတ်များအား စံကျောင်းတော်ကြီးပေါ်သို့ ပင့်ဆောင်ရာ ပထမကိုယ်စားတော်မြတ်ကို သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ပင့်ဆောင်၍ လည်းကောင်း၊ ဒုတိယကိုယ်စားတော်မြတ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က ပင့်ဆောင်၍ လည်းကောင်း၊ တတိယကိုယ်စားတော်မြတ်ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ အင်းသားလူမှုရေးအဖွဲ့မှ တာဝန်ရှိသူများက ပင့်ဆောင်၍ လည်းကောင်း၊ စတုတ္ထကိုယ်စားတော်မြတ်ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတို့က အသီးသီး ပင့်ဆောင်ကြသည်။

ဆက်လက်၍ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တို့က ဖောင်တော်ဦးရုပ်ပွားတော်မြတ်အား ဆွမ်း၊ ဆီမီး၊ ရေချမ်း၊ ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပြီး၊ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ ဂေါပကအဖွဲ့မှ ဓမ္မလက်ဆောင်(၂၁)ဌာန ကြာသင်္ကန်းများ ဝေငှပေးခဲ့သည်။

 

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် နန်းဟူးဘုန်းတော်ကြီးကျောင်းတွင် ဟဲယာရွာမ ရွှေဘုံသာကျောင်းတိုက် ဆရာတော်ကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများတို့က ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်မှ သာသနာတော်ဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ်များကို ရွတ်ဖတ်သရဇ္စျာယ်ကြပြီး၊ ဟဲယာရွာမ ရွှေဘုံသာကျောင်း ဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်သည်။

 

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် အင်းသားရိုးရာလှေပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး၊ ဆုများချီးမြှင့်ပေးရာ အင်းသားရိုးရာဆွမ်းပို့လှေအဖွဲ့ကို အင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်တို့မှ လည်းကောင်း၊ လှေယာဉ်အလှ ဟဲယာရွာမ၊ အင်းပေါခုံအသင်းတို့ကို ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးတို့က လည်းကောင်း၊ အမျိုးသား(၄၆)တက် နှစ်သိမ့်ဆုရအသင်းကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်သစ်တော်နှင့် သတ္တုဝန်ကြီးတို့မှ လည်းကောင်း၊ အမျိုးသားရာကျော်လှေ နှစ်သိမ့်ဆုရအသင်းကို ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပြည်နယ်တရားလွှတ်တော် တရာသူကြီးချုပ်တို့မှ လည်းကောင်း၊ အမျိုးသမီး(၂၆)တက် ပထမ၊ ဒုတိယဆုရအသင်းကို သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီးမှ လည်းကောင်း၊ အမျိုးသား(၄၆)တက် ပထမ၊ ဒုတိယဆုရအသင်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ လည်းကောင်း၊ အမျိုးသားရာကျော်လှေ ပထမ၊ ဒုတိယဆုရအသင်းကို သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်မှ လည်းကောင်း အသီးသီး ဆုများ ချီးမြှင့်ပေးအပ်ပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ဆုရရှိသော လှေပြိုင်အသင်းများကို လိုက်လံနှုတ်ဆက်ကြပြီး အခမ်းအနားကို နောင်အင်းလေးသီချင်းဖြင့် ရုပ်သိမ်းလိုက်သည်။

 

2022

 

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများသည် ညောင်ရွှေမြို့၊ အင်းလေးဟိုတယ်ဇုန် ရှင်းလင်းဆောင်ခန်းမသို့ ရောက်ရှိပြီး၊ ခန်းမဆောင်တွင် အင်းလေးဟိုတယ်ဇုန် ဆပ်ကော်မတီ အသီးသီးတို့က လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးလင်းရေး ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ မှာကြားပြီး၊ ဟိုတယ်ဇုန် (C) Zone  (B) Zone  (A) Zone တို့ကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။