ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ပအိုဝ်း၊ ဓနု) နှင့် ညောင်ရွှေမြို့နယ်တို့မှ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များနှင့် တွေ့ဆုံ

တောင်ကြီး  အောက်တိုဘာ  ၂၇ 

 1027

 

   ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်းတို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရန်ဒေသခံ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များနှင့် တွေ့ဆုံပွဲကို အောက်တိုဘာ(၂၄)ရက်၊ နေ့လည်(၁၂)နာရီက ဟိုပုံးမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်/မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

 

   အခမ်းအနားတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့မှ အမှာစကား အသီးသီး ပြောကြားကြပြီး၊ မြို့နယ်/မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖများနှင့် အထောက်အကူပြုကော်မတီအဖွဲ့များက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြဆွေးနွေးကြသည်။

 

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အောက်တိုဘာ(၂၅)ရက်၊ နံနက်(၉)နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဓနုဒေသဦးစီးရုံး၊ အစည်းအဝေးခန်းမ၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရန် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များနှင့် တွေ့ဆုံသည်။

 

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အောက်တိုဘာ(၂၆)ရက်၊ နနံက်(၉)နာရီ(၁၅)မိနစ်က ညောင်ရွှေမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ညောင်ရွှေမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရန် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များနှင့် တွေ့ဆုံပြီး နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၃)၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာ အင်းလေးကန် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုကော်မတီဝင်များနှင့် ဝိုင်းဝန်းပါဝင် ကူညီဆောင်ရွက်ပေးကြရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများ ရွေးချယ်ဖလှယ်ပြီး ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဝင်များနှင့် ဌာနဆိုင်ရာများက စည်းလုံးညီညွှတ်စွာ ပူးပေါင်းကူညီဆောင်ရွက်ကြရန် ပြောကြားသွားသည်။

 

   ၎င်းနောက် သမ္မတရုံးဝန်ကြီးဌာန(၃)၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။