တောင်ကြီးတက္ကသိုလ် (၃)ထပ်ဆောင်များ ပန္နိက်တင် မင်္ဂလာကျင်းပ

တောင်ကြီး   အောက်တိုဘာ   ၃၁

 

1030

 

   ရှမ်းပြည်နယ်တောင်ကြီးတက္ကသိုလ် (၃)ထပ်ဆောင်များ ပန္နိက်တင် မင်္ဂလာအခမ်းအနားကို အောက်တိုဘာ (၃၁)ရက်နံနက်(၈)နာရီခွဲက အဆိုပါ ကျောင်းဝင်း၌ ကျင်းပရာ အောင်ချမ်းသာကုမ္ပဏီအဆောက်အဦ ပန္နိက်(၅)နေရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့်၊ ဒုတိယပါမောက္ခချုပ် နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများက မင်္ဂလာအချိန်ကျရောက်သောအခါ နမောတဿ(၃)ကြိမ်ဖြင့် မင်္ဂလာအခါပေး၍ ရွှေပန္နက်၊ ငွေပန္နက်များကို တစ်ပြိုင်နက်(၉)ချက် အသီးသီးရိုက်သွင်းပေးကြသည်။

 

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများတို့သည် Rising Sun Construction Co;Ltd အဆောက်အဦနေရာသို့ ရောက်ရှိပြီး၊ သတ်မှတ်နေရာတွင် အသီးသီးနေရာယူ၍ မင်္ဂလာအချိန်ကျရောက်သောအခါ နမောတဿ(၃)ကြိမ်ရွက်ဆိုကာ ရွှေပန္နက်၊ ငွေပန္နက်များကို တစ်ပြိုင်နက်(၉)ချက် ရိုက်သွင်းပေးကြပြီး၊ အမွှေးနှံ့သာရည်များ၊ ပက်ဖျန်းကာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ရတနာရွှေမိုးငွေမိုးများ၊ ပက်ကြဲပေးကြသည်။ 

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ အောင်ချမ်းသာကုမ္ပဏီ၊ Rising Sun ကုမ္ပဏီ၊ ပြည့်ဝခိုင်မာကုမ္ပဏီတို့မှ တာဝန်ရှိသူများ၊ တိုင်းရင်းသူများ၊ အင်ဂျင်နီယာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြပြီး တောင်ကြီးတက္ကသိုလ် (၃)ထပ် RC စာသင်ဆောင်အကျယ်အဝန်းမှာ အလျား(၁၉၃)ပေ၊ အနံ(၁၃၈)ပေရှိပြီး၊ စီမံကိန်းကာလ(၆)လအတွင်း စာသင်ဆောင်(၃)ဆောင်ကို ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း သိရှိရသည်။