စိုက်ပျိုးရေးသမဝါယမအသင်းများသို့ ဆောင်းသီးနှံစိုက်ပျိုးစရိတ် ပံ့ပိုးချေးငွေများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

တောင်ကြီး    နိုဝင်ဘာ   ၀၇

 

015

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်ရှိ စိုက်ပျိုးရေးသမဝါယမအသင်းများသို့ ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ပံ့ပိုးချေးငွေများပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ(၇)ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် ရပ်စောက်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့်၊ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုအေး၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ် ဥက္ကဌ ဦးကျော်မြခိုင်၊ ရပ်စောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်သမဝါယမအသင်းစုနှင့် အခြေခံသမဝါယမအသင်းများမှ အမှုဆောင်များ၊ အသင်းသား/အသင်းသူ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြပါသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးမှ အသင်းသူ/အသင်းသားများအနေဖြင့် ရရှိသည့် ပံ့ပိုးချေးငွေများအား မိမိတို့ လုပ်ငန်းတွင် အမှန်တကယ်အကျိုးရှိစွာ အသုံးပြုရေး၊ သတ်မှတ်ချိန်အတိုင်း ပြန်လည်ပေးဆပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သမဝါယမစိတ်ဓါတ်ပြည့်ဝစွာဖြင့် အတွေးအခေါ် (Mind Set)များ ပြုပြင်ပြောင်းလဲဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

 

၎င်းနောက် စိုက်ပျိုးစရိတ်ချေးငွေများအား အသင်းသားကိုယ်စားလှယ်များထံသို့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုအေး၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်း သမဝါယမအသင်းစုချုပ် ဥက္ကဌ ဦးကျော်မြခိုင် တို့မှ ပေးအပ်ခဲ့ကြပါသည်။ ရပ်စောက်မြို့နယ်၊ ကျေးရွာအုပ်စု(၄)အုပ်စုရှိ ကျေးရွာ(၁၈)ရွာမှ စိုက်ပျိုးရေး သမဝါယမအသင်း (၁၈)သင်းသို့ စုစုပေါင်း ပံ့ပိုးချေးငွေ (၁၂၀၃.၇၅)ထုတ်ချေးပေးခဲ့ပြီး ရပ်စောက် မြို့နယ်ရှိ အခြေခံသမဝါယမအသင်းများသို့ ပံ့ပိုးခြေးငွေ ကျပ် သိန်းပေါင်း (၂၀၀၀)ကျော် ထုတ်ချေးပေး ထားကြောင်း သတင်းရရှိပါသည်။