ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့် အခြေခံသမဝါယမသင်တန်း(အမှုထမ်း) သင်တန်းဆင်းပွဲသို့ တက်ရောက်

တောင်ကြီး   နိုဝင်ဘာ  ၂၄

 

025

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့်သည် (၂၃.၁၁.၂၀၁၃)ရက်နေ့ (၁၅၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်သမဝါယမသင်တန်းကျောင်း၊ တောင်ကြီးမြို့ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် အခြေခံသမဝါယမသင်တန်း (အမှုထမ်း) သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့ပါသည်။

 

   သင်တန်းဆင်းပွဲ၌ ပြည်နယ်ဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သော သင်တန်းမှာ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလအတွင်း ခန့်အပ်လိုက်သော အငယ်တန်းစာရေးများအား လုပ်ငန်းခွင်အတွင်း အသုံးချနိုင်ရန် သိရှိရန် လိုအပ်သော ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများ၊ ရုံးလုပ်ငန်းများ၊ သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပတ်သက် ၍ လုပ်ဆောင်ရမည့် အချက်များ၊ ဝန်ထမ်းများ၊ အမှုဆောင်များ၊ အသင်းသားများ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်းများ စသည်ဖြင့် သိသင့် သိထိုက်သော ဘာသာရပ်များကို သင်ကြား ပို့ချခြင်း ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုပို့ချလိုက်သော ဘာသာရပ်များအား လက်တွေ့လုပ်ငန်းခွင်အတွင်း အသုံးချရင်း ယခုထက်ပိုမို တတ်ကျွမ်း၊ နားလည်အောင် လေ့လာဆည်းပူးရန် လိုကြောင်း၊ သင်တန်းဆိုသည်မှာ မိမိတို့၏ အရည် အသွေးအား ပိုမို မြင့်မား၊ တိုးတက်အောင် မြှင့်တင်ပေးခြင်း ဖြစ်၍ သင်တန်းအား မကြောက်ဘဲ အခွင့်ကြုံလာပါက တက်ရောက်ဆည်းပူးသွားရန် လိုအပ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အခြေခံ အကျဆုံးဖြစ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သမဝါယမသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပြီး သမဝါယမလုပ်ငန်းများသည် အလွန်ကျယ်ပြန့်သဖြင့် ဝန်ထမ်းများအနေဖြင့် အမြဲတမ်း ကြိုးစားနေရန် လိုအပ်ကြောင်း၊ မိမိတို့ ရုံးလုပ်ငန်းများအပြင် ပြည်သူကို ဟောပြော၊ စည်းရုံးနိုင်ရန်အတွက် ကြိုးစား၊ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သင်တန်းမှ အရည်အချင်း သတ်မှတ်ချက်များသည် မိမိတို့ဘဝ တိုးတက်ရေးအတွက် အရေးပါသော အချက်များဖြစ်၍ သင်တန်းတိုင်းတွင် ကြိုးစားကြစေလိုကြောင်း မှာကြားခဲ့ပါသည်။

 

   ၎င်းနောက် ပြညနယ်ဝန်ကြီးမှ ဆုများ ချီးမြှင့်ရာ ပထမဆုအား ပင်းတယမြို့နယ်သမဝါယမဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ခင်စုကြည်က လည်းကောင်း၊ ဒုတိယဆုအား ဖယ်ခုံမြို့နယ်သမဝါယမဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ဇင်မိုမိုဇော်က လည်းကောင်း၊ တတိယဆုအား ကလောမြို့နယ်သမဝါယမဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ညိမ်းညိမ်းအိက လည်းကောင်း အသီးသီး ရရှိခဲ့ကြပါသည်။

အခြေခံသမဝါယမသင်တန်း(အမှုထမ်း)အား သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကြီးကြပ်၍ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ကြီးမှူးပြီး (၄.၁၁.၂၀၁၃)မှ (၂၃.၁၁.၂၀၁၃)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ သင်တန်းသို့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်သမဝါယမဦးစီးဌာနများမှ အငယ်တန်းစာရေးဝန်ထမ်းများ စုစုပေါင်း(၃၉)ဦး တက်ရောက်ခဲ့ကြပါသည်။

 

   အဆိုပါ သင်တန်းဆင်းပွဲသို့ ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ်ရှိ သမဝါယမ အသင်းအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ သင်တန်းပို့ချသည့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။