ရှမ်းပြည်နယ်သတင်းများ

ပြည်နယ်ဝန်ကြီး ဒေါက်တာမျိုးထွန်း၏ (၂၃-၁၁-၂၀၁၃)ရက်နေ့မှ (၃၀-၁၁-၂၀၁၃)ရက်နေ့ထိ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ဆောင်ရွက်ရန်အတွက် လားရှိုးဒေသနှင့် ကျိုင်းတုံဒေသများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်

တောင်ကြီး   ဒီဇင်ဘာ  ၂

 

29

 

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် (၂၂-၁၁-၂၀၁၃)ရက်နေ့တွင် ရုံးစိုက်ရာ တောင်ကြီးမြို့မှ လားရှိုးဒေသသို့ လေယာဉ်ဖြင့် ခရီးထွက်ခွာခဲ့ပါသည်။

 

(၂၃-၁၁-၂၀၁၃)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမြင့်အေး၊ လားရှိုးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကြူ၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ကြည်တို့နှင့်အတူ လားရှိုး အထက(၂) သိပ္ပံဆောင် ဆောက်လုပ်မည့်မြေနေရာ၊ လားရှိုးမြို့ နေခြည်ကိုယ်ပိုင်ကျောင်းနှင့် လားရှိုး အမက(၁၂) မူလွန်ကျောင်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

 

(၂၅-၁၁-၂၀၁၃)ရက်နေ့ နံနက်(၈:၀၀)နာရီတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည်  တွဲဘက်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာဇော်မင်းထွန်း၊ လားရှိုးဆေးရုံအုပ်ကြီး၊ လားရှိုးဆေးရုံကြီးမှ အထူးကုဆရာဝန်များနှင့်အတူ သိန်းနီမြို့နယ် မိုင်းလီကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် ကျေးလက်နေ ပြည်သူ (၁၆၅၅)ဦးတို့အား အခမဲ့ ကွင်းဆင်းကုသ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြပါသည်။

 

ထို့နောက် သိန်းနီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံအေး၊ တွဲဖက်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးတို့နှင့်အတူ PP ဆေးဝါးကုမ္ပဏီမှ ကျပ်သိန်း(၇၀) အကုန်အကျခံပြီး လှူဒါန်းဆောက်လုပ်ပေးမည့် သိန်းနီမြို့နယ် ပိန်းဆာကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးပေးခန်း ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျန်းမာရေးဌာနမှ သတ်မှတ်ချက်များနှင့်အညီ ဆောက်လုပ်ပေးသွားရန်ကိုလည်း မှာကြားခဲ့ပါသည်။ ဆက်လက်၍ သိန်းနီမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံမှာကြားခဲ့ပါသည်။

 

နေ့လည်ပိုင်းတွင် ပြည်နယ်လူမှုရေးဝန်ကြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူးတို့သည် မိုင်းလီအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ သိန်းနီ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် သိန်းနီအခြေခံအထက်တန်းကျောင်းများကို ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ဆောက်လုပ်လျက်ရှိသည့် သိန်းနီအထက သိပ္ပံဆောင်အား အရည်အသွေးပြည့်မှီစွာ ဆောက်လုပ်သွားရန်ကိုလည်း လမ်းညွှန်မှာကြားခဲ့ပါသည်။

 

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် (၂၆-၁၁-၂၀၁၃)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် လားရှိုးမိုတယ်ခန်းမ၌ ကျင်းပပြုလုပ်သော လားရှိုးဒေသတွင် ကာကွယ်ဆေးထိုးလုပ်ငန်းများ လွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ် ပြည်နယ်အဆင့် အသိပေး ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။

 

အဆိုပါအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွန့်မှလည်း အမှာစကားပြောကြားပေးခဲ့ပါပြီး ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မန်နေဂျာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းမှလည်း အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့ကြပါသည်။

 

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း လွှမ်းခြုံမှုအားနည်းသည့် ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ရှမ်းပြည်နယ် အထူးဒေသ(၄)အတွင်းရှိ မြို့နယ်များတွင် Health Poverty Action အဖွဲ့အား တာဝန်ပေး၍ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

 

ထို့နောက် မွန်းလွဲ(၃:၀၀)နာရီတွင် လားရှိုးမြို့ပြည်ထောင်စုအားကစားကွင်း၌ ကျင်းပပြုလုပ်သော ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ပြီး အမှာစကားပြောကြားပေးခဲ့ပါသည်။

 

(၂၇-၁၁-၂၀၁၃)ရက်နေ့ နံနက်(၆:၀၀)နာရီတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် လာရှိုးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကြူ၊ တွဲဘက်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးတို့ လိုက်ပါလျက် လားရှိုးမြို့မှ မိုင်းရယ်မြို့သို့ ထွက်ခွာခဲ့ပြီး လားရှိုးဆေးရုံအုပ်ကြီးနှင့် အထူးကုအဖွဲ့တို့မှ လွယ်ငင်းကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဒေသခံပြည်သူ လူနာ(၉၄၄)ဦးတို့အား အခမဲ့ကွင်းဆင်း ကုသပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

 

ထို့နောက် လွယ်ငင်းကျေးလက်ကျန်းမာရေးဌာနခွဲ ပြင်ဆင်ဆောက်လုပ်ရန်အတွက် အလှူရှင်များမှ လှူဒါန်းပေးသော ငွေကျပ်(၅၀)သိန်းကို ဒေသခံပြည်သူများကိုယ်စား လက်ခံရယူပေးခဲ့ပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

ဆက်လက်၍ မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အလှူငွေကျပ် (၁၀)သိန်းကို မြို့နယ်ပြည်သူ့ဆေးရုံအတွက် ပေးအပ်လှူဒါန်းခဲ့ပါသည်။

 

ထိုမှတဆင့် ဒေါက်တာမျိုးထွန်း၊ လူမှုရေးဝန်ကြီးနှင့် ဦးမြင့်ကြည် ပြည်နယ်ပညာရေးဒုတိယ ညွှန်ကြားရေးမှူးတို့သည် မိုင်းရယ် အထကကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အန္တရာယ်ကျောင်းဆောင် ပြုပြင်နိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်း ခဲ့ပါသည်။

 

(၂၇-၁၁-၂၀၁၃)ရက်နေ့ နေ့လည် (၁:၀၀)နာရီတွင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် လားရှိုးမြို့မှ တာချီလိတ်မြို့သို့ ထွက်ခွာခဲ့ပါသည်။ နေ့လည်(၃:၀၀)နာရီတွင် ဒေါက်တာမျိုးထွန်းသည် ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦး၊ တွဲဖက်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး(ကျိုင်းတုံ) ဒေါက်တာဝင်းကျော်တို့နှင့်အတူ တာချီလိတ်မြို့နယ် ပြည်သူ့ဆေးရုံရှိ ဓါတ်လှေကားပြင်ဆင်ရန်နှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့် မြေနေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။ ထို့နောက် တာချီလိတ် အထက(ဟောင်လိတ်)ကျောင်းသို့ ရောက်ရှိစစ်ဆေးခဲ့ပြီး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများအား တွေ့ဆုံမှာကြားခဲ့ပါသည်။

 

(၂၈-၁၁-၂၀၁၃)ရက်နေ့ နံနက် (၁၀၀၀)နာရီတွင် မိုင်းဖြတ်ခရိုင် မိုင်းယောင်းမြို့နယ် ပြည်သူ့ဆေးရုံရှိ ဆေးစတိုဆောင်အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ မိုင်းယောင်း အထက သိပ္ပံဆောင် အဆောင်ဟောင်းပြုပြင်ရန်နှင့် မိုင်းယောင်းအထက ကျောင်းဆောင်အသစ် ဆောက်လုပ်မည့် နေရာတို့ကို  ကြည့်ရှုစစ်ဆေးခဲ့ပြီး အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် မိုင်းဖြတ် အထကကျောင်း သိပ္ပံဆောင်အား အရည်အသွေးပြည့်မှီစွာ ဆောက်လုပ်နိုင်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

 

(၂၉-၁၁-၂၀၁၃) ရက်နေ့ နံနက်(၉:၀၀)နာရီတွင် ကျိုင်းတုံမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှု အဖွဲ့အစည်းအဝေးခန်းမ၌ ပြုလုပ်သော တွဲဘက်ပြည်နယ် ကျန်းမာရေးဦးစီးဌာန (ကျိုင်းတုံ)တွင် ကာကွယ်ဆေးထိုးလုပ်ငန်းများ လွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန် တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ် အသိပေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားအား ပြောကြားပေးခဲ့ပါသည်။

ကျိုင်းတုံဒေသအတွင်းရှိ ကာကွယ်ဆေးထိုးလုပ်ငန်း မဆောင်ရွက်နိုင်သော "ဝ"အထူးဒေသများဖြစ်သော မက်မန်း၊ မိုင်းယောင်း၊ မိုင်းလားနှင့် မိုင်းယန်းမြို့နယ် (၄)မြို့နယ်တို့၌ ကာကွယ်ဆေးထိုးလုပ်ငန်းများကို Health Poverty Action (HPA) အဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

ညနေ(၂:၀၀)နာရီတွင် မိုင်းဆတ်ခရိုင်သို့ ထွက်ခွာခဲ့ပြီး မိုင်းပျဉ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ဝင်ရောက်ကြည့်ရှု စစ်ဆေး၍ အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

 

ထို့နောက် မိုင်းပျဉ်း အခြေခံပညာအထက်တန်းကျောင်းရှိ အန္တရာယ်ကျောင်းဆောင်(၁)ဆောင်အား ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီး၊ အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

 

ဆက်လက်၍ မိုင်းပျဉ်းမြို့နယ် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများတို့နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

 

(၃၀-၁၁-၂၀၁၃)ရက်နေ့ နံနက်(၇:၃၀)နာရီတွင် ကွန်ဟိန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ဝင်ရောက်ကြည့်ရှုခဲ့ပြီး အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်း၍ လက်ထောက်ဆရာဝန်များ၊ သွားဆရာဝန်များ ကျန်းမာရေးဝန်ထမ်းများတို့နှင့် တွေ့ဆုံမှာကြားခဲ့ပါသည်။

 

နံနက်(၈:၃၀)နာရီတွင် ကွန်ဟိန်းမြို့နယ် အထကကျောင်းသို့ ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်း၍ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

 

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ကွန်ဟိန်းမြို့နယ်မှ ပြန်လည်ထွက်ခွာခဲ့ရာ ရုံးစိုက်ရာ တောင်ကြီးမြို့သို့ (၃၀-၁၁-၂၀၁၃)ရက်နေ့ နေ့လည် (၁:၀၀)နာရီတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိ ပါသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 40 guests and no members online

Latest Updates