ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဆောက်လုပ်သော ဇီဝိတဒါနသံဃာဆောင် လွဲပြောင်းပေးအပ်ပွဲ ကျင်းပ

တောင်ကြီး   ဒီဇင်ဘာ   ၁၃

 

003

 

   ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဆောက်လုပ်သော ဇီဝိတဒါနသံဃာဆောင် လွဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲကို ဒီဇင်ဘာ(၁၃)ရက်၊ နံနက်(၈)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားရာ သံဃာဆေးရုံကုသဆောင်သည် သံဃာတော်များ ဆေးဝါးကုသခံရာတွင် ယခင်က အမျိုးသားအဆောင်တွင် ကုသရပြီး၊ ယခုဆိုရင် သံဃာတော်များအတွက် သီးသန့်အဆောင်တစ်ခု ဖြစ်လာအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြလို့ ဟိုပုံးမြို့ရှိ ပြည်သူ့ဆေးရုံသည် တဖြည်းဖြည်းနဲ့ ဆေးရုံရဲ့ အင်္ဂါရပ်နဲ့ ညီလာပြီဖြစ်ကြောင်း ပြောကြားသွားသည်။

 

   ဆက်လက်၍ ဟိုပုံးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးမျိုးဝင်းလောက သံဃာဆောင် ဖြစ်ပေါ်လာပုံ အကျဉ်းနှင့် ကျေးဇူးတင်စကား ပြောကြားသည်။

 

   ထို့နောက် သံဃာတော်များအတွက် ဆေးပဒေသာပင်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်တို့က ပေးအပ်လှူဒါန်းရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်း လက်ခံရယူသည်။

 

   ၎င်းနောက် သံဃာဆောင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ဟိုပုံးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးမျိုးဝင်းလောက ပေးအပ်ရာ အလှူရှင်များက အသီးသီး လက်ခံရယူကြပြီး၊ သံဃာဆောင်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လွဲပြောင်းပေးအပ်ရာ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦးက လက်ခံရယူသည်။

 

   ယင်းနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ သံဃာဆောင်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစဝ်အောင်မြတ်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသနေသော လူနာများကို လှည့်လည်ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အသစ်ဆောက်လုပ်နေသည့် အဆောက်အဦများကို ရှင်းလင်းဆောင်ခန်းမ၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်မှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကွင်းအမှတ်(၁၂)၊ လေးအိမ်ကုန်းရွာမကွင်း၊ စက်မှုလယ်ယာစနစ်တကျ လယ်ဧက(၅၀) ဖော်ထုတ်ရန်လျာထားသည့် ဦးပိုင်အလိုက် တောင်သူတစ်ဦးချင်း ပိုင်ဆိုင်မှုပြ လယ်ကွက်များ ဖော်ထုတ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မြေပုံကားချပ်ဖြင့် ရှင်းလင်းကြကြောင်း သိရှိရသည်။

 

   အဆိုပါ သံဃာဆောင်လွဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဒေသခံမိဘပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။