ရှမ်းပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၂၀၁၃ ခုနှစ် ဒုတိယ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး ဇန်နဝါရီ  ၃၀

 

023

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ၂၀၁၃ခုနှစ် ဒုတိယ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ (၃၀) ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်မှ တက်ရောက်အမှာစကားပြောကြားရာတွင် “မိမိဌာန၏လုပ်ငန်းများ ရည်မှန်းချက်များအတိုင်း ပေါက်မြောက်အောင်မြင်ဖို့ အစီအစဉ်များ၊ စီမံချက်များ ရေးဆွဲ ပြီး၊ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံချက်ပါ လုပ်ငန်းလျာထား ချက်များအလိုက် မည်မျှဆောင်ရွက် နိုင်သည် မည်မျှအောင်မြင်သည် အားသာချက်၊ အားနဲချက်များကို ဆန်းစစ် နိုင်ရန်အတွက် ဖြစ်ပါကြောင်း၊ အားသာချက်များရှိရသည့် အကြောင်းအရင်းနှင့် အားနဲချက်ကို အားသာချက်ဖြစ်အောင်၊ အားသာချက်ကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နိုင်ငံတော်က လက်တွေ့ကျင့်သုံးအကောင်အထည်ဖော်နေသည့် လုပ်ငန်းစဉ်များ၊ မူဝါဒများ၊ ရည်မှန်းချက်များကို မြို့ပေါ်နှင့်ကျေးလက်နေပြည်သူများထံ အရောက်သိရှိ နားလည်အောင် ပြန်ကြားရေးလုပ်ငန်းများကို ဆောင်ရွက် နေကြရသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအကြောင်းကိုလည်း အချိန်နှင့်တပြေးညီ ပြန်ကြားရေးလုပ်ငန်းများ ပြန်ကြားဆောင်ရွက်ပေးကြ ရမည် ဖြစ်ပါကြောင်း၊ ပြည်သူရဲ့အသံ၊ ပြည်သူရဲ့သဘောထား၊ ပြည်သူ့ဆန္ဒများကို ကွင်းဆင်းရယူပြီး တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပေးပို့ တင်ပြကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ မြန်မာ့အရေးနှင့် ကမ္ဘာ့အရေးပါ ကြိုးပမ်းတည်ဆောက်နေသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ပြည်သူများသိရှိအောင် အရှိန်နှင့်တပြေးညီ ပြန်ကြားဆောင်ရွက် ပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုက ယုံကြည်ကိုးစား သည့် ဌာနတစ်ခုဖြစ်လာစေရန် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာများကို အဆင့်ဆင့်ပြုပြင်ပြောင်းလဲ ဆောင်ရွက် သွားကြရန်၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်သွားကြရန်၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပတ်သက်၍ နိုင်ငံတကာနဲ့ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်နေသော ဘာသာရပ်၊ ပညာရပ်များနှင့် နည်းပညာများအား စဉ်ဆက်မပြတ်လေ့လာစုစည်းခြင်း၊ သုတေသနပြုခြင်းအတွက် လိုအပ်သောပြုပြင် ပြောင်းလဲမှုများကို ရှမ်းပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်ရေး မှတ်တမ်းတင်ရေးနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများကို ယခုထက်ပို၍ တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များတင်ပြလာပါက ရှမ်းပြည်နယ် အစိုးရအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း” ပြောကြားသွားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ်မှ ဌာန၏ ၂၀၁၃ခုနှစ်၊ ဒုတိယ(၆)လပတ် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကို Projector (ပရိုဂျက်တာ)ဖြင့်ရှင်းလင်းတင်ပြသည်။ 

 

ထို့နောက် ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်က လုပ်ငန်းလိုအပ်ချက်များ အပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်းသိရှိရသည်။

 

အဆိုပါ ရှမ်းပြည်နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ၂၀၁၃ ခုနှစ် ၊ဒုတိယ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းဝေးအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်း တို့မှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးအရာရှိ များနှင့် မြို့နယ်/မြို့နယ်ခွဲ ဦးစီးမှူးများတက်ရောက်ကြကြောင်းသိရှိရသည်။