ရှမ်းပြည်နယ်သတင်းများ

ကိုရီးယားသမ္မတနိုင်ငံတော်၏ Know-hows လုပ်ငန်းစဉ်နှင့် နှစ်နိုင်ငံအတွေ့အကြုံများ ဖလှယ်၍ ပြည်သူလူထု အသိပညာပေးလှုပ်ရှားမှု မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောပွဲကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ  ၂၀

 

044

 

   ကိုရီးယားသမ္မတနိုင်ငံတော် Know-hows လုပ်ငန်းစဉ်နှင့် နှစ်နိုင်ငံအတွေ့အကြုံများ ဖလှယ်၍ ပြည်သူလူထု အသိပညာပေးလုပ်ရှားမှု မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ (၂၀)ရက် နံနက် (၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကားပြောကြားရာတွင် “ လက်ရှိနိုင်ငံတော်အစိုးရ၏ မြန်မာနိုင်ငံတွင် မူးယစ် ဆေးဝါးပပျောက်ရေး ဆောင်ရွက်မှုများကို ခေတ်အဆက်ဆက်အစိုးရများမှ နည်းလမ်းမျိုးစုံနှင့် ကိုယ်ပိုင် စွမ်းအားအရင်းအမြစ်များအပေါ် အခြေခံလျက်ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် မူးယစ် ဆေးဝါးပပျောက်ရေးအတွက် (၁၉၉၉)ခုနှစ်မှ စတင်၍ (၁၅)နှစ်စီမံကိန်းချမှတ်ကာ မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်တားဆီးရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းကြီးအောင်မြင်စေရန်အတွက် မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ နည်းနာနိဿယ (၃)ရပ်ကို ချမှတ်ခဲ့ပါကြောင်း၊ နည်းဗျူဟာ(၃)ရပ်ဖြစ်သော ထုတ်လုပ်မှုပပျောက်ရေး၊ သုံးဆွဲမှုပပျောက်ရေး၊ တားဆီး နှိမ်နှင်းရေးလုပ်ငန်းများကို တာဝန်ရှိတဲ့ အဖွဲ့အစည်းများက ပူးပေါင်းပြီး ထိရောက်စွာဆောင်ရွက်လျက် ရှိပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိနားလည်ပြီး မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှု မရှိစေရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေးနှင့် မူးယစ်ဆေးဝါး စိုက်ပျိုး၊ထုတ်လုပ်၊သုံးစွဲသူတွေရဲ့ ယုံကြည်ချက်၊ ခံယူချက်၊ စိတ်ဓါတ်များ မြင့်မားတိုးတက်ရေး အတွက် အမျိုးသားတာဝန်ဟု သိရှိနားလည်ခံယူကာ လူတိုင်းပူးပေါင်း ပါဝင်ပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် နိုင်ရန်အတွက် မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးပြဿနာနှင့်ပက်သက်ပြီး ဘိန်းစိုက်ပျိုးနေမှုပြသနာကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ အခြားတစ်ဖက်ကလည်း စိတ်ကြွရူးသွပ်ဆေးပြား ပြဿနာသည် ဒေသအတွင်းကြီးထွားလာသလို မြန်မာနိုင်ငံမှာလည်း အသစ်ထွက်ပေါ်လာသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ပြဿနာကို ရင်ဆိုင်ဖြေရှင်းနေရပါကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးကို ရှမ်းပြည်နယ် အစိုးရအနေဖြင့် ပြည်နယ်/ခရိုင်/မြို့နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့များဖြင့် ဖွဲ့စည်းတာဝန်ပေးပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအနေနဲ့ (၂၀၁၄) ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့်ပက်သက်၍ တားဆီးနှိမ်နှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် တွန်းအားပေးဆောင်ရွက်နေပြီး၊ လိုအပ်သည်များကိုလည်း ကူညီပံ့ပိုး ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း ကျွန်ုပ်တို့နှင့်အတူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ မူးယစ် ဆေးဝါးပပျောက်ရေးကို အမြစ်ပြတ်ဆောင်ရွက်နိုင်ရန် (၂၀၁၉)ခုနှစ်အထိ နောက်ထပ်(၅)နှစ်တိုးမြှင့် သတ်မှတ်၍ စီမံကိန်းချမှတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ပပျောက်ရေးကို ဆောင်ရွက်ရာတွင် နိုင်ငံတကာ၏ ထိရောက်သောပံ့ပိုးကူညီမှု၊ ပြည်သူလူထု၏ တက်ကြွသော ပူးပေါင်း ပါဝင်ဆောင်ရွက်မှုသည် အဓိကအရေးကြီးပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး အတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်ဆံဆောင်ရွက်လျက်ရှိပါကြောင်း” ပြောကြားသွားသည်။

 

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ခန်းမအတွင်း ပြသထားသော မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးနှင့် ပက်သက်သည့် ပညာပေးပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးကြသည်။

 

   ထို့နောက် အခမ်းအနားအစီအစဉ်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးရေးနှိမ်နှင်းရေးဌာနမှူး ရဲမှူးကြီးမြင့်ဦးမှ မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲကျင်းပရသည့် အကြောင်းအရင်းအား ဟောပြော၍လည်းကောင်း၊ ကျန်းမာရေးဦးစီးဌာန၊ တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံ စိတ်အထူးကုဆရာဝန် ဒေါ်ဝါဝါဝင်းမှ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၂၅)၊ တပ်ဖွဲ့စုမှူး၊ ရဲမှူးစောလေးဝါးမှ ပညာပေးဟောပြောကြသည်။

 

   ယင်းနောက် ဟောပြောပွဲနှင့်ပက်သက်သည့် မေးခွန်း(၁၅)ခုကို အခမ်းအနားတက်ရောက်လာသည့် သူများအား မေးမြန်းဖြေကြားစေပြီး၊ ဆုရရှိသူများကို ဆုမဲပေါင်း(၅၆)ဆုကို တာဝန်ရှိသူအကြီးအကဲများက ဆုများပေးအပ်ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ကိုရီးယားနိုင်ငံ Knows-hows မှ Ji-Ho, Cho နှင့်အဖွဲ့များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကြီးတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထုများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 96 guests and no members online