ရှမ်းပြည်နယ်သတင်းများ

ပဉ္စမအကြိမ်မြောက် တောင်ရိုးတိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှု စုံညီပွဲတော်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး

တောင်ကြီး မတ် ၂

 

049

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများသည် ကလောမြို့နယ်၊ ဘော်နင်းကျေးရွာ၌ ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် တောင်ရိုးတိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှု စုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

   အစီအစဉ်အရ ပဉ္စမအကြိမ်မြောက် တောင်ရိုးတိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှု စုံညီပွဲတော် မုခ်ဦးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးသောင်းရွှေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် စုံညီပွဲတော်ကျင်းပရာ စင်မြင့်ပေါ်၌ တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့များဖြစ်သည့် ဆူးပန်းအင်း တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ညောင်ပင်ခါးရှည်အဖွဲ့(၁) ဓနုစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ မြက်ဆက်မြောက် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအကအဖွဲ့၊ တောင်ကြီးနည်းပညာတက္ကသိုလ်မှ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအကအဖွဲ့၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ - ပိတ်ပွဲ အခမ်းအနားတွင် တောင်ရိုးတိုင်းရင်းသားများ ကိုယ်စားပြု ပါဝင်ကပြခဲ့သည့် အောင်ပန်းမှ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအကအဖွဲ့များက ကပြဖျော်ဖြေကြသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်မိန့်ခွန်း ပြောကြားသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးသောင်းရွှေ၊ ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဌ ဦးကျော်ဆွေတို့က အသီးသီး ကျေးဇူးတင်စကား ပြောကြားကြသည်။ ယင်းနောက် ပွဲတော်ကျင်းပရေးကော်မတီသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွန့် မိသားစု လှူဒါန်းသည့် အလှူငွေကျပ် (၁၀)သိန်းကို ဦးစဝ်အောင်မြတ်မှ လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် အလှူငွေကျပ် (၁၀)သိန်းကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ လည်းကောင်း၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးသောင်းရွှေမှ လှူဒါန်းသည့် အလှူငွေကျပ် (၁၀)သိန်းနှင့် အလှူရှင်များမှ အလှူများ အသီးသီး ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဧည့်သည်တော်များက အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကြပြီး ပထမပိုင်း အခမ်းအနားအစီအစဉ်ကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဧည့်သည်တော်များသည် ဘော်နင်းကျေးရွာ ဘုန်းကြီးကျောင်းသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 61 guests and no members online

Latest Updates