ပြည်တွင်းအခွန်များဦးစီးဌာန၊ ရှမ်းပြည်နယ်၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ ဒုတိယ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

တောင်ကြီး မတ်  ၇

 

054

 

   ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရှမ်းပြည်နယ်၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ ဒုတိယ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၇)ရက်၊ နံနက် (၉)နာရီက ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ လမ်းညွှန် အမှာစကား ပြောကြားရာတွင် “ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရှမ်းပြည်နယ်၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ် ကောက်ခံရန်လျာထားချက် ကျပ်သန်းပေါင်း(၇၇၈၇၉.၆၈၉)တွင် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ထိ ကျပ်သန်းပေါင်း(၁၀၅၅၄၃.၆၈၆)ထိ ကောက်ခံရရှိပြီး၊ ရာခိုင်နှုန်းအားဖြင့် (၁၃၆%) ဖြစ်ကြောင်းသိရ၍ ကျေနပ်မိပါကြောင်း၊ နိုင်ငံတော် တည်ဆောက်ရေးအတွက် ဘဏ္ဍာငွေ ပြည့်စုံလုံလောက်မှုရှိမှသာ တိုးတက်ခေတ်မှီသော နိုင်ငံတော်သစ်ဆီသို့ ဦးတည်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် ရသင့် ရထိုက်သော အခွန်ငွေ အပြည့်အဝရရှိရေးသည် ဘဏ္ဍာငွေကြေး တောင့်တင်းခိုင်မာရေး၏ အဓိကကျသော အကြောင်းရင်းတစ်ရပ် ဖြစ်ကြောင်း၊ အခွန်ထမ်းများ ကိုယ်တိုင် မိမိလုပ်ငန်းအပေါ် ကျသင့်သည့်အခွန်ငွေ သက်သာသည့် အခွန်ငွေများကို နားလည်ပြီး အခွန် ကြည်ကြည်ဖြူဖြူ ပေးဆောင်လာသည်အထိ ပညာပေး ဆွေးနွေးပွဲများ၊ အခွန်ဆိုင်ရာရှင်းလင်းပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ အခွန်ထမ်းဆောင်ရန် တာဝန်သည် နိုင်ငံသားတစ်ဦး၏ အနိမ့်ဆုံးသော မဖြစ်မနေထမ်းဆောင်ရမည့် တာဝန် ဖြစ်ကြောင်းကို အခွန်ထမ်းပြည်သူများ နားလည်အောင်ဆောင်ရွက်ကြရန် လိုကြောင်း၊ အခွန်ထမ်းပြည်သူကိုယ်တိုင် စည်းကျပ်သည့် အခွန်ငွေများကို သတ်မှတ်ထားသည့် အချိန်အတွင်း ပေးသွင်းစေရန် စိတ်ရှည်လက်ရှည်ဖြင့် ရှင်းလင်းပြောပြဖို့ တာဝန်ရှိပါကြောင်း၊ နိုင်ငံတော်တွင် စီးပွားရေးမူဝါဒ ပြုပြင် ပြောင်းလဲလာမှုကြောင့် နိုင်ငံခြားရေး ရင်းနှီးမြုပ်နှံမှုများ ဆက်တိုက် ဝင်ရောက်လာမည် ဖြစ်သဖြင့်  အခွန်ဌာန ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနမှ ပြဌာန်းသတ်မှတ်ထားသော ဥပဒေ၊ စည်းမျဉ်းများကို ကြိုတင်လေ့လာထားကြပြီး ဥပဒေနှင့် အညီ မှန်မှန်ကန်ကန် စည်းကြပ်ကောက်ခံမှုများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားကြရန် လိုကြောင်း ” တိုက်တွန်း ပြောကြားသွားသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အခွန်ဦးစီးဌာမှူး သူရဦးထင်ကျော်မိုးမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြပြီးနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ 

 

   အဆိုပါ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရှမ်းပြည်နယ်၏ ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်၊ ဒုတိယ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင် နှင့် ရှမ်းပြည်နယ်အတွင်းရှိ အခွန်ဦးစီးဌာနများမှ အခွန်ဦးစီးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။