ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသောဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

581

တောင်ကြီး   ဇူလိုင်   ၁၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသောဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်(၁၁) နံနက်(၉)နာရီက တောင်ကြီးမြို့၊ အတုလမာရဇိန် မြို့လယ်ဓမ္မာရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အေးဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များ၊ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မိဘပြည်သူများတက်ရောက်ကြသည်။

ပထမဦးစွာအခမ်းအနားကို ဆရာတော်သံဃာတော်၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေး ကြသည်။

ဆက်လက်၍ နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဌာန စရိယစွန်းလွန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ ဆရာတော်သံဃာတော်အရှင်သူမြတ် များက ပရိတ်တရားတော် များ ရွတ်ဖတ်သရဇ္စျာယ်ပူဇော်ပေးကြသည်။

ထိုနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဌာန စရိယစွန်းလွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသအား လှူဖွယ်ဝတ္ထု ပစ္စည်းနှင့် ဝါဆိုသင်္ကန်းကိုဆက်ကပ်လှူဒါန်းပေးပြီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပေးကြသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ပါဝင်လှူဒါန်း ကြသော အလှူရှင်များ၏ လှူဒါန်းမှုအစုစုကို ကုသိုလ်အလို့ငှာ ဖတ်ကြားလျှောက်ထားပြီး၊ ပြည်နယ်သံဃာ နာယကအဖွဲ့ ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ ဥတ္တရာရုံတပ်ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာသိရီဘိဝံသထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု ဂါထာတော်သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်း လိုက်သည်။

ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆရာတော်သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်းသိရရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ပြည်သူများမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှု စုစုပေါင်းမှာ(ကျပ်နှစ်ရာလေးသိန်းခုနှစ်သောင်း ငါးထောင်တိတိ) ဖြစ်ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 70 guests and no members online