ရှမ်းပြည်နယ်သတင်းများ

ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ကလောမြို့နယ်အောင်ပန်းမြို့၌ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူများနှင့် တွေ့ဆုံ

 

585

တောင်ကြီး   ဇူလှိုင် - ၁၄

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စုဝန်ကြီးဦးတင်နိုင်သိန်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ကလောမြို့နယ် မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ဒေသခံပြည်သူတို့နှင့် တွေ့ဆုံပွဲကို ဇူလှိုင်(၁၄)ရက် နေ့လည်(၁၂)နာရီက အောင်ပန်းမြို့၊ အောင်ချမ်းသာစာသင်တိုက် (၃)ထပ်ဆောင်၌ ကျင်းပကြောင်း သိရသည်။

ပထမဦးစွာကလောမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌဦးနန္ဒာလှမြင့်မှ ကလောမြို့ သောက်သုံးရေရရှိရေးနှင့် စပ်လျဉ်း၍ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှု၊ ထပ်မံလိုအပ်သော ဆောင်ရွက်ရန်ကိစ္စရပ်များကို တင်ပြ၍လည်းကောင်း၊ ကလောမြို့နယ်ဖွံ့ဖြိုးရေး အထာက်အကူပြု ကော်မတီ ဥက္ကဌ ဦးခင်မောင်ဝင်းမှ အောင်ပန်းမြို့အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးထားသော ဖွံ့ဖြိုးရေရန်ပုံငွေများကို ကဏ္ဍအလိုက်သုံးစွဲမှု၊ မြို့နယ်လိုအပ်ချက်ဖြစ်သော မီးသတ်ဦးစီး အဆောက်အဦကိစ္စနှင့် ကလောမြို့နယ် အတွက် ထင်းရှုးမြို့တော်ဖြစ်ရေး၊ အောင်ပန်းမြို့အတွက်ချယ်ရီနှင့် ဟဲဟိုးမြို့အတွက် စိန်ပန်းမြို့တော်ဖြစ်ရေး၊ တစ်အုပ်တစ်မအလိုက် သစ်ပင်စိုက်ပျိုးရေး၊ ဒေသအတွက် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးပြီး၊ တက်ရောက်လာသူများ မှ သိရှိလိုသောအချက်များနှင့်  ဒေသအတွက် ဆောင်ရွက်လိုသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးတင်နိုင်သိန်းမှ တင်ပြချက်များနှင့် စပ်လျဉ်း၍ဖြည့်ဆည်း ဆောင်ရွက်ပေးသင့်သော ကိစ္စရပ်များ၊ ဌာနဆိုင်ရာနှင့် ပြည်သူများက ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ ဒေသအတွင်း မူးယစ်ဆေးဝါးကင်းစင်သည့် စံပြမြို့ရွာများ ဖြစ်အောင် ဆောင်ရွက်သင့်သောကိစ္စရပ်များ စပ်လျဉ်း၍ အကျယ်တစ်ဝန်း ရှင်းလင်းဆွေးနွေး တင်ပြပြီး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဌာနဆိုင်ရာနှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းတို့မှ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီများ၏ တင်ပြချက်များအပေါ်ပြည်နယ်အဆင့်မှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသွားကြောင်း သိရှိရသည်။

၎င်းနောက် ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် အခြေခံပညာ ကျောင်းများ အတွက် နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန(၅)၊ ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်းနှင့် ဇနီး ဒေါ်အေးအေး မိသားစုမှ လှူဒါန်းငွေကျပ်(၅)သိန်း၊ ဆန်(၁၁)အိတ် လှူဒါန်းပေး၍လည်းကောင်း၊ ကလောမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲနှင့် အလယ် တန်းကျောင်းခွဲများအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များမှ လှူဒါန်းသော ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှထောက်ပံ့သော ဗလာစာအုပ်(၄၀၀)ဒါဇင်တို့ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ လှူဒါန်းပေးရာ မြို့နယ် ကျောင်းအုပ်ဆရာမကြီးများက လက်ခံရယူ ကြပြီး၊ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 99 guests and no members online