ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ မြို့တော်ခန်းမ ဆောက်လုပ်မည့် မြေနေရာ ကြည့်ရှု၍ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် သစ်ပင်စိုက်ပျိုးပေး

 

588

တောင်ကြီး   ဇူလိုင်    ၁၆

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူတို့နှင့်အတူ ဇူလိုင်(၁၆)ရက် နံနက်(၈)နာရီခွဲက ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် မြို့တော်ခန်းမ တည်ဆောက်မည့် မြေနေရာအား ကြည့်ရှု စစ်ဆေးရာ FUTUER MOON ကုမ္ပဏီမှ ဦးအောင်နိုင်ရင်က မြို့တော်ခန်းမ ဆောက်လုပ်ခြင်း လုပ်ငန်းစီမံချက်နှင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းရာ ပြည်နယ် ဝန်ကြီးချုပ်မှ လိုအပ် သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူတို့သည်၊ ပင်းတယမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်း ကျောင်း၌ သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ် ဝန်ကြီးချုပ်မှ ပျိုးပင်များ ပေးအပ်ရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကို၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အမျိုး သမီးရေးရာအဖွဲ့ ဥက္ကဌ၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီ ဥက္ကဌ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌတို့က ပျိုးပင်များကို အသီးသီးလက်ခံရယူကြသည်။

ထို့နောက် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ ပျိုးပင်များ ပေးအပ်ရာ ဓနုစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဌ၊ ရွှေဓနု ကိုယ့်အားကိုယ်ကိုး ဝန်ဆောင်မှုအဖွဲ့ ဥက္ကဌ၊ ပွေးလှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး အသင်းဥက္ကဌတို့က ပျိုးပင်များကို အသီးသီးလက်ခံရယူ၍ လည်းကောင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကိုမှ ပျိုးပင်များ ပေးအပ်ရာ မြို့နယ် ပညာရေးမှူး၊ မြို့နယ် ကျန်းမာရေး ဦးစီးမှူး၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးတို့က ပျိုးပင်များကို အသီးသီးလက်ခံရယူကြသည်။

၎င်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူတို့သည် သစ်ပင်များ ကို စိုက်ပျိုးပေးကြပြီး၊ မြို့နယ် အဆင့် ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများ သစ်ပင်စိုက်ပျိုး ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြ၍ သစ်ပင်စိုက်ပျိုးပွဲတွင် ခါတော်မှီ၊ ချယ်ရီ၊ မယ်ဇလီ၊ ယူကလစ်၊ ကျွန်း စုစုပေါင်း(၄၅၀)ပင် စိုက်ပျိုးပေးကြကြောင်းသိရသည်။

ယင်းနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်မှ ကြီးမှူး၍ ပြည်နယ် ဝန်ကြီးများ၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပင်းတယမြို့နယ် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ စုပေါင်းပြုလုပ်သည့် တတိယအကြိမ်မြောက် စုပေါင်း ဝါဆိုကင်္ကန်းကပ်လှူပူဇော်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က တက်ရောက်ကြသည်။

အခမ်းအနားတွင် နမော တဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ မြို့နယ် သံဃာနာယကအဖွဲ့ ဥက္ကဌ ရွာငယ်ကျောင်းဆရာတော် အရှင်ဘုရားထံမှ ငါးပါးသီလ ဆောက်တည်ကြ၍ ဆရာတော် သံဃာတော်များမှ ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္စျာယ် ပေးတော်မူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး၊ မြို့နယ် သံဃာနာယကအဖွဲ့ ဥက္ကဌ ရွာငယ်ကျောင်းဆရာတော် အရှင်ဘုရားမှ ဝါဆို သင်္ကန်းအကျိုးတရား ချီးမြှင့်ပေး၍ ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌာတု(၃)ကြိမ် ရွတ်ဆို၍ ရုတ်သိမ်းလိုက်ပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ပေးကြကြောင်းသိရသည်။

ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ပုန်းတလုတ်ရေကန် သာယာလှပရေး ဆောင်ရွက် ထားရှိမှုအား ကြည့်ရှုရာ၊ မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာတွင် ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ၊ ရွှေဥမင်ဘုရားတွင် ဆုလာဒ်ရွှေပြည် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မြင်ကွင်းကျယ် ဓာတ်လှေကား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းကြပြီး၊ ပြည်နယ် ဝန်ကြီးချုပ်မှ လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြား၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် လှိုဏ်ဂူတော်အတွင်း ဘုရားတွင် ပန်း၊ ဆီမီး၊ ရေချမ်း၊ ရွှေသင်္ကန်းတို့ဖြင့် ဆက်ကပ်လှူဒါန်းကြကြောင်းသိရှိရသည်။

            မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 63 guests and no members online

Latest Updates