တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၏ ရုံးအမိန့်အစာအားပြန်လည်ပယ်ဖျက်ပေးရန် တောင်နီကျေးရွာမှ ဒေသခံပြည်သူများ ဆန္ဒပြတောင်းဆို

 

591

 

တောင်ကြီး   ဇူလှိုင် - ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ တောင်နီကျေးရွာရှိ မိုင်းသော်အရှေ့၊ အုပ်ချုပ်ရေးမှူး ဦးလှသော်အား ပြန်လည်တာဝန်ပေးရေးနှင့် တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန၏ (၁၂.၆.၂၀၁၄)ရက်စွဲပါ ရုံးအမိန့်စာအား ပြန်လည်ပယ်ဖျက်ရေး၊ တောင်နီကျေးရွာ ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးမြအောင်အားတာဝန်မှ ဖြုတ်ချပေးရေး၊ မိုင်းသော်အရှေ့ ကိုယ်ထူကိုယ်ထလျှပ်စစ်မီးကော်မတီ ဥက္ကဌဦးလှသော်မှ အလွှဲသုံးစားပြုထားခြင်း မရှိကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စွပ်စွဲချက် အမိန့်စာအား အမြန်ဆုံးဖျက်သိမ်းပေးရန်အတွက် တောင်နီ ကျေးရွာရှိဒေသခံပြည်သူများသည် ဇူလှိုင်(၂၁)နံနက် (၉)နာရီက တောင်ကြီးမြို့၊ မြို့အဝင်မြေပုံသို့ မော်တော်ယာဉ် (၁၀)စီးဖြင့် ရောက်ရှိလာကာ အနောက်မြို့ပတ်လမ်းအတိုင်း ညောင်ဖြူစခန်းရှိ ပတ္တမြားဆေးရုံးရှေ့လမ်းနှင့် ဗိုလ်ချုပ်လမ်းမကြီးကို ဖြတ်ကူး၍ မြင်းစီးရုပ်ထုမှ အရှေ့မြို့ပတ်လမ်းအတိုင်း မော်တော်ယာဉ်ဖြင့် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းအပြင်ဘက်ရှေ့တွင် စုရပ်ပြုလုပ်စတင်ထွက်ခွာရာ ဘုရင့်နောင်လမ်းနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံးရှေ့လမ်းအတိုင်း စီတန်းလှည့်လည် ခြေလျှင်ချီတက်လာပြီး၊ ရုံးကြီးလမ်းထောင့်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို ခဲ့ကြကြောင်း သိရှိရသည်။

ဆန္ဒပြတောင်းဆိုမှုတွင် တောင်နီကျေးရွာ၊ ဟက်ကယ်ကျေးရွာ၊ ဆည်ကြီးပန်းတောကျေးရွာ၊ မကျည်းပင်ကျေးရွာမှ ဒေသခံပြည်သူ အင်းအား(၃၁၅)ဦးကို တောင်နီကျေးရွာရပ်ကွက်(၂) ဦးတင်ဦးမှ ဦးဆောင်၍ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၏ ရုံးအမိန့်အစာအား ပြန်လည်ပယ်ဖျက်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြောင်းသိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)