ရှမ်းပြည်နယ်သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တောင်ကြီး   ဇူလိုင်   ၂၂

592

   ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက ကဏ္ဍမှ သစ်တောစိုက်ခင်းများ၊ နိုင်ငံပိုင် ကဏ္ဍမှ သစ်တောစိုက်ခင်းများ စိုက်ပျိုးရန်လျာထားလျက်ရှိရာ ကျေးလက် ထင်းစိုက်ခင်းများထူထောင်ရေး စီမံကိန်း အစရှိသဖြင့် သစ်ပင်စိုက်ပျိုးရေးကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးသွားကြရန် ရည်ရွယ်ချက်ဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ကြီးမှူးကျင်းပသော ဟိုပုံးမြို့၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ဇူလိုင်(၂၂)ရက် နံနက်(၈)နာရီခွဲက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးသစ်ရှေ့၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ကမ္ဘာပေါ်တွင် လူဦးရေ တိုးပွားလာမှု၊ ဆင်းရဲနွမ်းပါးမှု သစ်တောများခုတ်ထွင်ပြီး စိုက်ပျိုးမြေများကို စဉ်ဆက်မပြတ် တိုးချဲ့လာမှုကြောင့် သဘာဝပတ်ဝန်းကျင်အခြေအနေများ ယိုယွင်းပျက်စီးလာပြီး သစ်တော ပြုန်းတီးခြင်း၊ သဲကန္တာရဖြစ်ထွန်းခြင်း၊ လေထုညစ်ညမ်းခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်းကို ကမ္ဘာ့ နိုင်ငံအားလုံး ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ သဘာဝရေကန်၊ ရေထွက်များ ခမ်းခြောက်လာခြင်း ကို လက်တွေ့မြင်တွေ့ရမှာဖြစ်ကြောင်း၊ သဘာဝရေသယံဇာတတွေ ရေရှည်တည်တံ့ရန်အတွက် သစ်ပင်များက အဓိကထိန်းသိမ်းပေးရကြောင်း၊ သဘာဝတောတွေကို ထိန်းသိမ်းဖို့လိုအပ်သလို ပြန်လည်စိုက်ပျိုးဖို့ လိုအပ်သည့်နေရာတွင် သစ်ပင်များအစားထိုးစိုက်ပျိုးပေးရန်လိုအပ်ကြောင်း၊ အနာဂါတ်အတွက် ကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင် နှင့် သဘာဝ အရင်းအမြစ်များရရှိစေရန် အတွက် သစ်ပင်စိုက်ပွဲအတွက် သစ်ပင်များကို တစ်ပျော်တစ်ပါး စိုက်ပျိုးကြစေလိုကြောင်း ပြောကြားသည်။ 

   ဆက်လက်၍ ရှမ်းပြည်နယ်တရာလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က စိုက်ပျိုးမည့် ပျိုးပင်များပေးအပ်ရာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များက လက်ခံရယူကြသည်။

   ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဒေသဦးစီးဥက္ကဌတို့က သတ်မှတ်နေရာများတွင် နှစ်ရှည်ပင်များ အရိပ်ရလေကာပင်များကို စိုက်ပျိုးပေးကြပြီး၊ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေး ကြသည်။

   ယခုမိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ၌ အော်ရီးရှား၊ ချယ်ရီ၊ ထင်းရှူး၊ ကျွန်း၊ယူကလစ်၊ ထောပတ်၊ ပနားမားငု၊ စိန်းပန်းပြာ၊ မယ်ဇလီ၊ ရေသင်းဝင်၊ သရက်၊ ခါတော်မှီနှင့် ရေတမာပင် စုစုပေါင်း(၃၁၂၆)ပင် စိုက်ပျိုးခဲ့ကြကြောင်းသိရှိရသည်။

   မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ရှမ်းပြည်နယ် လွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်ဇနီး၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့်ဇနီး၊ ဒေသဦးစီး ဥက္ကဌနှင့်ဇနီး၊ ဒေသဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်းအင်အား(၁၀၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရှိရသည်။

   ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ၊ ပြည်နယ် စီမံကိန်း ညွှန်ကြားရေးမှူးတို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံကိန်းဦးစီးရုံး ပန္နက်တင် အခမ်းအနားကို တက်ရောက်ပြီး မင်္ဂလာအချိန်ကျရောက်သည့်အခါ သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့် ပြည်နယ်စီမံကိန်း ညွှန်ကြားရေးမှူးတို့က ပန္နက်ရိုက်ပေးကြပြီး အမွှေးနံ့သာရေများ ပက်ဖြန်းပေးကာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပေးခဲ့သည်။

   အဆိုပါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံကိန်းဦးစီးရုံး အဆောက်အဦးမှာ(RC)နှစ်ထပ် ဖြစ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် Zaw & Tun ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ပြီး ခန့်မှန်းကုန်ကျငွေမှာ (၁၄၈)သန်းရှိကြောင်း သိရှိရသည်။

                                                                                                                                                                             နန်းဦးခမ်း(ဟိုပုံး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 55 guests and no members online