(၂၀၁၃-၂၀၁၄) ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား၊ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး    ဇူလိုင်    ၁၀

593

   ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ် စည်ပင်သာယာရေးကော်မတီဝင်များနှင့် တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ နှင့်အတူ ဇူလိုင်(၁၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ (၂၀၁၃-၂၀၁၄)ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြ ကြောင်းသိရသည်။

   ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ထောက်ပံ့ငွေနှင့် ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီ ထောက်ပံ့ငွေတို့ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ဘာသာပေါင်းစုံ သုဿန်လမ်းသို့ ရောက်ရှိစစ်ဆေးခဲ့ရာ သုဿန်သွားလမ်းသည် ဝါးပြားလမ်းဆုံမှ မီးသဂြိုလ်စက်အထိ အရှည်(၂.၅)မိုင်ရှိပြီး မူလလမ်းအကျယ်(၁၂ ပေ)ရှိ၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ သုဿန်သွားလမ်း တိုးချဲ့ခြင်းလုပ်ငန်းအား အပိုင်း(၂)ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ ကြောင်း၊ ပထမပိုင်းတွင် ဝါးပြားလမ်းဆုံမှ အောင်အပ်နှံကုန်းဆင်းအထိ အရှည်(၁မိုင်)ရှိသောလမ်းအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ထောက်ပံ့ငွေဖြင့် လမ်းအကျယ်(၁၆ ပေ)တိုးချဲ့ခြင်းနှင့် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့ရာ လုပ်ငန်းတန်ဖိုးကျပ်(၆၆၉.၆၅)သိန်းနှင့် ပြည်နယ် အရံကတ္တရာမှ ထောက်ပံ့ပေးခဲ့သည့် ကတ္တရာ(၃၂တန်) တန်ဖိုးကျပ်(၂၃၀.၄)သိန်း စုစုပေါင်းကျပ် (၉၀၀.၀၅)သိန်း အကုန်ကျခံဆောင်ရွက်ခဲ့ပြီး၊ ဒုတိယပိုင်းအဖြစ် အောင်အပ်နှံကုန်းဆင်းမှ မီးဂြိုလ်စက်အထိ အရှည်(၁.၅)မိုင် ရှိသောအပိုင်းအား ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီမှ ထောက်ပံ့ငွေကျပ်(၁၁၀၁.၀၈)သိန်းနှင့်ဌာနမှ ဘတ်ဂျတ်ခွင့်ပြုငွေ(၂၇၈.၃၆)သိန်း စုစုပေါင်းကျပ် (၁၃၇၉.၄၄)သိန်းဖြင့် ဆောင်ရွက်ခဲ့ပြီး၊ ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများမှာ လမ်းအကျယ်တိုးချဲ့ခြင်းလုပ်ငန်း ကျပ်(၆၀၄.၁၄)သိန်း၊ ကျောက်ချောလမ်း တိုးချဲ့ခင်းခြင်းလုပ်ငန်းကျပ်(၃၁၃.၉၄)သိန်း၊ တံတား(၇)စင်း တည်ဆောက်ခြင်း လုပ်ငန်းကျပ်(၁၈၃)သိန်းတို့ဖြစ်၍ စုစုပေါင်းကျပ်(၁၁၀၁.၀၈)သိန်း ဖြစ်ပြီး၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန ဘတ်ဂျတ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းမှာ လမ်းအကျယ် တိုးချဲ့ခြင်းလုပ်ငန်းတွင် ကျပ်(၂၇၈.၃၆)သိန်း သုံးစွဲခဲ့ကြောင်းသိရသည်။

   ဆက်လက်၍ (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ်တွင် ဘာသာပေါင်းစုံ သုဿန်သွားလမ်းတွင် ဆောင်ရွက်ရန်ကျန်ရှိသော လုပ်ငန်းများမှာ အောင်အပ်နှံကုန်းဆင်းမှ မီးသဂြိုလ်စက်အထိ ကျောက်ချောလမ်း တိုးချဲ့ပြီးဖြစ်သော အရှည်(၁.၅)မိုင် အကျယ်(၂၀ ပေ)အား ကတ္တရာလမ်း တိုးချဲ့ခင်းကျင်း လုပ်ငန်းကျပ် (၁၃၁၃.၅၄)သိန်းနှင့် တံတားဟောင်း(၃)စင်း ပြုပြင်ခြင်း လုပ်ငန်း ကျပ်(၁၃၀.၇၆)သိန်း စုစုပေါင်းကျပ်(၁၄၄၄.၃၀)သိန်းဖြစ်ပြီး၊ လုပ်ငန်းများအား (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ်တွင် ဆောင်ရွက်ရန် လျာထားပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီမှ ထောက်ပံ့ငွေကျပ်(၉၆၉.၃၄)သိန်းဖြင့် ဆောင်ရွက်ခဲ့သော မီးသဂြိုလ်စက်အသစ် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် စတင်သုံးစွဲနေမှု အခြေ အနေအား ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးနှင့် အဖွဲ့တို့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထို့နောက် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ(၂၀၁၃-၂၀၁၄)ခု ဘဏ္ဍာရေးနှစ် အတွင်း ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီနှင့် ဘာသာပေါင်းစုံ သုဿန်သွားလမ်း လုပ်ငန်း၊ မီးသဂြိုလ်စက်လုပ်ငန်းများအတွက် ထောက်ပံ့ငွေစုစုပေါင်းကျပ်(၂၃၀၀.၈၂)သိန်းရရှိခဲ့ပြီး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက် ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း၊ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးနှင့် အဖွဲ့သည်(၂၀၁၀)ခုနှစ် ကမ္ဘောဇဘဏ်လီမီတက်မှ လှူဒါန်းငွေဖြင့် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ခဲ့သော ဘာသာပေါင်းစုံ သုဿန် ရေခဲတိုက်နှင့် မြို့သာယာလှပရေးလုပ်ငန်းများအတွက် ဗိုလ်ချုပ်ပန်းခြံအတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ Taunggyi Shopping Center  တည်ဆောက်ရေးလုပ်ငန်းခွင်တွင် သီဟဖွံ့ဖြိုးရေးကုမ္ပဏီမှ ပြုလုပ်သော စီမံကိန်းအစည်းအဝေးသို့ တက်ရောက်၍ စီမံကိန်း မန်နေဂျာ ဇော်လင်းအောင်နှင့်ကုမ္ပဏီမှ စီမံကိန်း အတိုင်ပင်ခံ အင်ဂျင်နီယာ ဦးစောထွေးဇော်တို့၏ ရှင်းလင်းတင်ပြမှုများအား ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးမှ ပြန်လည်ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။