ရှမ်းပြည်နယ် အစိုးရအဖွဲ့ အမှူးပြုသော ပြည်နယ် နှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီ မိသားစုများ၏ပထမအကြိမ် စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တောင်ကြီး   ဇူလိုင်   ၂၇

599

   ရှမ်းပြည်နယ် အစိုးရအဖွဲ့ အမှူးပြုသော  ပြည်နယ်နှင့်မြို့နယ် စည်ပင်သာယာရေး ကော်မတီ မိသားစုများ၏ပထမအကြိမ် စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင်(၂၇)ရက် နံနက် (၉)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

   အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ နိုင်ငံတော် သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဌာနစရိယ စွန်းလွန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အဂ္ဂဓမ္မာ ဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ် ပေးတော်မူကြသည်။

   ဆက်လက်၍ ရှမ်းပြည်နည် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွန့်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်းနှင့်ဇနီး ဒေါ်အေးအေးဝင်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်/ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ကြွရောက်လာကြသည့် ဧည့်ပရိသတ်များက ဆရာတော် သံဃာတော် အရှင် သူမြတ် တို့အား ဝါဆိုသင်္ကန်း၊ ဆန်၊ဆီ၊ လှူဖွယ်ပစ္စည်းများကို  ဆက်ကပ်လှူဒါန်း ကြသည်။

   ထို့နောက် နိုင်ငံတော် သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဌာနစရိယ စွန်းလွန်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု ဂါထာတော် သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး တို့က ရတနာ ရွှေမိုး ငွေမိုး ရွာသွန်းကာ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆရာတော် သံဃာတော် အရှင် သူမြတ်တို့ကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

   အဆိုပါ ပထမအကြိမ် စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်/ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                          မောင်မောင်သန်း(တောင်ကြီး)