ဒေသန္တရ အုပ်ချုပ်ရေးလေ့လာမှုလုပ်ငန်း အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး   ဇူလိုင်   ၃၀

601

   ပြည်နယ် / တိုင်းဒေသကြီး အစိုးရ၊ တိုင်းဒေသကြီးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် အရပ်ဖက် လူမှုအဖွဲ့ အစည်းကိုယ်စားလှယ်များအတွက် ဒေသန္တရ အုပ်ချုပ်ရေးလေ့လာမှု လုပ်ငန်းတွင် ဆက်စပ်ပါဝင် လုပ်ကိုင်နေကြသူများအကြား သိမြင်နားလည်မှုနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဇူလိုင်(၃၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဥပဒေချုပ် ဦးမောင်မောင်က အဖွဲ့အမှာစကားပြောကြားကြောင်း သိရသည်။

   ဆက်လက်၍ Programme Specialist Local Govemance, UNDP myanmar ဦးအေးလွင်က မြန်မာနိုင်ငံတွင် UNDP မှ ဆောင်ရွက်နေသော ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်း အကြောင်းနှင့် ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်ရလာဒ်များ၊ ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်းနယ်ပယ်တွင် UNDP၏ ကူညီပံပိုးမှု လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး Programme Specialist Local Govemance, UNDP myanmar မှ  Ms; Anki Dellnas က ဒေသန္တရအုပ်ချုပ်ရေးအခြေခံသဘောတရားနှင့် အဖွဲ့အစည်း ဆိုင်ရာများ၊ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများ၊ ဆက်သွယ်မှုနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးလုပ်ငန်း၊ လက်ရှိမြန်မာနိုင်ငံ အခြေအနေတွင် အရေးပါမှုဆိုင်ရာများနှင့် သဘောပေါက်နားလည်လာစေရန် ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများမှ သိလိုသည်များကို ပြန်လည်မေးမြန်းကြရာ Programme Specialist Local Govemance, UNDP myanmar ဦးအေးလွင် နှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက်ပြန်လည်ဆွေးနွေးပြောကြားကြောင်းသိရသည်။

   အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီး၊ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ခရိုင် / မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရှိသည်။

                                                                                                                                                                        မောင်မောင်သန်း(တောင်ကြီး)