နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် တတိယအဆင့် အရှိန်မြင့်တင်မှု ဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး   ဇူလိုင်   ၃၁

602

   မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်အေး ဦးဆောင်၍ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် တတိယအဆင့် အရှိန်မြင့်တင်မှု ဆွေးနွေးပွဲကို ဇူလိုင်(၃၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့  မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။ 

   အခမ်းအနားတွင် မွေးမြူရေး/ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်အေးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် တတိယအဆင့် အရှိန်မြင့်တင်မှုတွင် ပြည်သူများ ပါဝင် ဆောင်ရွက်ခြင်း၊ တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်းအမြင် ရှင်းရေး၊ တာဝန်ယူ၊ တာဝန်ခံရေး၊ အများဆန္ဒမဏ္ဍိုင် ပြုပြင်ခြင်း၊ တန်းတူညီမျှနှင့် ပါဝင်လုပ်ကိုင်ခြင်း၊ တာဝန်သိဖြင့် တုန့်ပြန်ခြင်း၊ စွမ်းဆောင်ရည်ရှိခြင်းနှင့် ထိရောက်မှုရှိခြင်း၊ အဂတိတရား ကင်းရှင်းရေးတို့ကို projector ဖြင့် ရှင်းလင်းပြောကြားသွားကြောင်းသိရသည်။ 

   ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးစိုင်းဆာလူက စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍများကို ပိုမိုတိုးတက်အောင်မြင်စေရန် ရှင်းလင်း၍ လည်းကောင်း၊ အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဝင်းမြင့်က အင်းလေးကန် အတွင်းရှိ ငါးဖိန်းမျိုးပွားရေးနှင့် မတိမ်ကောရေး၊ စိုက်ပျိုးရေး ကဏ္ဍဖြစ်သည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြသည်။

   ထို့နောက် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းမှ အကြံပြု ဆွေးနွေးပြီး၊ ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်မှ တာဝန်သိမှု၊ တာဝန် ယူမှုဖြင့် ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲရေး ဆိုင်ရာ ခေါင်းစဉ်ဖြင့် ရှင်းလင်း၍ လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းမှ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် အုပ်ချုပ်မှု ယန္တရား တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့် ရှင်း၍ လည်းကောင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ညွှန်ကြားရေးမှူး ဒေါက်တာ ကိုကိုနိုင် မှ မွေးရေ / ကျေးလက် ဝန်ကြီးဌာန၏ Decentralization  ဆောင်ရွက်မှုများ ခေါင်းစဉ်ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးကြသည်။

   ၎င်းနောက် တက်ရောက်လာကြသူများမှ အကြံပြုဆွေးနွေးကြပြီး ကျိုင်းတုံ၊ လားရှိုး၊ တောင်ကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ဆွေးနွေးကြကာ၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်အေးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

   တတိယအဆင့် အရှိန်မြင့်တင်မှု ဆွေးနွေးပွဲသို့ မွေးမြူရေး/ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး၊ အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ငါးလုပ်ငန်း ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်နယ် / ခရိုင် / မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

                                                                                             မောင်မောင်သန်း(တောင်ကြီး)