အာဟာရ ဖွံ့ဖြိုးရေး နှင့်"မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်" ကျန်းမားရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

တောင်ကြီး    သြဂုတ်   ၁

604

   ရှမ်းပြည်နယ် ကျန်းမားရေး ဦးစီးဌာနနှင့် ရှမ်းပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ(၂၀၁၄)ခုနှစ် အထိမ်းအမှတ် "မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်" ကျန်းမားရေးအသိပညာပေး ဟောပြောပွဲကို သြဂုတ်(၁)ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ရုံး၌ ကျင်းပကြောင်းသိရသည်။ 

   အခမ်းအနားတွင် ရှမ်းပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူတို့၏ အာဟာရအခြေအနေ ကောင်းမွန်ခြင်းသည် နိုင်ငံသားအားလုံး ကျန်းမားကြံခိုင်၍ ဉာဏ်ရည် ထက်မြတ်ရေး၊ နိုင်ငံတော်ကြီး ခေတ်မှီဖွံ့ဖြိုးရေးတို့အတွက် ပဓာနကျသော လိုအပ်ချက်တစ်ခု ဖြစ်ပါကြောင်း၊ အာဟာရချို့တဲ့မှုများ လျော့နည်းပပျောက်ရေး၊ အာဟာရ လွန်ကဲမှု ပြဿနာ ကာကွယ်ရေး၊ အာဟာရ မျှတစွာ စားသုံးတတ်သည့် ဓလေ့များ ထွန်းကားလာရေးတို့ကို ရည်မှန်းချက်များအဖြင့် ချမှတ်ကာ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ (၅)နှစ်အောက် ကလေးသူငယ်များသည် အာဟာရ ချို့တဲ့မှု အန္တရာယ် အများဆုံး ကြုံတွေ့ရလေ့ရှိသူများဖြစ်သည့်အတွက် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ (၅)နှစ်အောက် ကလေးသူငယ်များ အာဟာရ ပြည့်ဝ မျှတစွာ စားသုံးတတ်သည့် ဓလေ့ထွန်းကားလာရေးသည် အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရည်ရှည် အကျိုးတက်ရောက်မှုရှိစေသည့် နည်းလမ်း ဖြစ်ကြောင်း၊ ကျန်းမားရေး ပညာပေးလုပ်ငန်းများအဖြစ် (၆)လထိ ကလေးများကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရေး၊ (၅)နှစ်အောက်ကလေးများကို အာဟာရ ပြည့်ဝမျှတစွာ စားသုံးရေး၊ သံဓာတ်ဆေးပြားများ၊ ဗီတာမင်အေ၊ ဗီတာမင်ဘီဝမ်း၊ သန်ချဆေးများ စနစ်တကျ သောက်သုံးရေး၊ အိုင်အိုဒင်းဆား စားသုံးရေး၊ အသက်အရွယ်အလိုက် အာဟာရ ပြည့်ဝမျှတစွာ စားသုံးရေးတို့နှင့် ပတ်သက်၍ အာဟာရ ပညာပေးလုပ်ငန်းများကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားသွားသည်။

   ဆက်လက်၍ အမျိုးသမီးနှင့် ကလေး ဆေးရုံမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ခင်မိုးမိုးက မွေးကင်းစ ကလေး၏ ကျန်းမားရေး သိမှတ်ဖွယ်ရာ အဖြာဖြာအကြောင်းကို ဟောပြော၍ လည်းကောင်း၊ မြို့နယ် ကျန်းမားရေး ဦးစီးဌာနမှူး ဒေါက်တာ မိုးထွန်းက မိခင်နို့ တိုက်ကျွေးရေးအကြောင်းတို့ကို  အသိပညာပေး ဟောပြောကြသည်။

   ထို့နောက် ရှမ်းပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဖြူဖြူညွှန့်က အသိပညာပေး ဟောပြောပေးသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး၊ နို့တိုက်မိခင်(၂၅)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၂၅)ဦးအား အာဟာရပစ္စည်းများ ဖြစ်သည့် ကြက်ဥ၊ အားဆေး၊ အိုင်အိုဒင်းဆား၊ ကျန်းမားရေး ပညာပေးလက်ကမ်း စာစောင်များ ပေးအပ်၍၊ အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များကို သြဂုတ်လ (ပထမ)အပတ် မှ (စတုတ္ထ) အပတ်ထိ တိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရသည်။

   အာဟာရ ဖွံ့ဖြိုးရေး နှင့်"မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်" ကျန်းမားရေး အသိပညာပေး ဟောပြောပွဲသို့ ရှမ်းပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ကျန်းမားရေး ဦးစီးဌာနမှ အသိပညာပေး ဟောပြောပေးသည့် တာဝန်ရှိသူများ၊ နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်မိခင်များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                  မောင်မောင်သန်း(တောင်ကြီး)