စိုက်ပျိုးရေး ဦးစီးဌာန၊ စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့၏ (၂၀၁၄-၂၀၁၅) ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး   သြဂုတ်   ၆

6081

   ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့၏ (၂၀၁၄-၂၀၁၅) ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို သြဂုတ်(၆)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး၊ ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)ရှိ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများ တက်ရောက်ကြသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့် အမှာစကားပြောကြားရာတွင် လယ်ယာကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေး ကဏ္ဍကြီးတစ်ခုလုံး အဖြင့် အခြေခံ အဓိက မောင်းနှင်းအားဖြစ်သည်နှင့်အညီ တောင်သူလယ်သမားထု တစ်ရပ်လုံး၏ ဝင်ငွေတိုးတက်ရေး၊ လူနေမှုဘဝ တိုးတက်မြှင့်မားရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးတို့အတွက် အဓိကအကျဆုံး၊ အရေးပါဆုံး အခန်းကဏ္ဍဖြစ်သည့် အားလျော်စွာ တတိယအကြိမ် ပြုပြင် ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရာတွင် လက်တွေ့ကျစွာဖြင့် တောင်သူလယ်သမားများကို အခြေခံဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊ မျိုးစေ့ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေး၊ မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များကို ဒေသအလိုက် ပျံ့နှံအောင် အကောင်အထည်ဖော်ရေး၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်များ ပျံ့နှံအောင် အကောင် အထည်ဖော်ရေး၊ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး၊ တာဝန်များကို ကြိုးပမ်းဆောင်ရွက် သွားရမှာ ဖြစ်ပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အပိုင်းနှင့် ပတ်သက်၍ တောင်သူ လယ်သမားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့်အနေဖြင့် စပါးသီးနှံနှင့် ကြံသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် ကျပ်(၁)သိန်းစီ တိုးမြှင့်သတ်မှတ်ပေးလိုက်ပြီး၊ အခြားသီးနှံများကိုတစ်ဧကလျှင်(၂)သောင်းနှုန်းဖြင့် ချေးပေးလျက်ရှိကြောင်း၊ တိုးမြှင့်ချေးငွေများ ကို ယခင်နှင့် မိုးစပါးနှင့် ကြံစိုက်ပျိုးရာသီမှ စတင်ကာ ထုတ်ချေးပေးပြီးဖြစ်၍ စပါးစိုက်ပျိုးသူများ အတွက် ဘဏ်လုပ်ငန်းဥပဒေအရ မူလကြွေးဟောင်း ကြွေးကျန်များကို အပြည့်အဝ ပြန်လည်ပေးဆပ်ပေးသူများကိုသာလျှင် ထုတ်ချေးပေးသွားမည် ဖြစ်ပါကြောင်း၊ ချေးငွေများကို အချိန်မီထုတ်ချေးပေးနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့များမှ စိုက်ဧက မှန်ကန်စွာ စာရင်းပြုစု၍ အချိန်ကိုက်ပေးပို့ကြရန် နှိုးဆော်ထားမှု တွေ့ရှိရပါကြောင်း၊ တောင်သူလယ်သမားများ၏ အကျိုး၊ နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတာဝန်အား အကောင်အထည်ဖော် ပေးကြရန် နှင့် မိမိတို့အားလုံး နေ့နေ့ညည အချိန်မဆိုင်းဘဲ ကိုယ်တိုင်ပါဝင် ဆောင်ရွက်သွားကြရန် တာဝန်ရှိနေပြီဖြစ်ကြောင်း၊ မိမိနှင့် အတူတကွ နိုင်ငံတော်အတွက် တာဝန်သိသူ၊ တာဝန်ရှိသူများ အဖြစ် အလေးအနက်ထား ခံယူလုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားသွားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်မှ စိုက်ပျိုးရေး လုပ်ငန်းကိစ္စရပ်များရှင်းလင်း၍ လည်းကောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ပြည်နယ် မန်နေဂျာ ဦးဝင်းမြင့်မှ တောင်သူလယ်သမားများအား ချေးငွေကိစ္စရပ်များ ရှင်းလင်း၍ လည်းကောင်း၊ စက်မှု သီးနှံဖွံ့ဖြိုးရေး ဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူး ဦးအောင်ဝင်းမှ နှစ်ရှည်ပင်များဖြစ်သည့် ကြံ၊ ရာဘာပင်များနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အသီးသီးရှင်းလင်း တင်ပြကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ်အမှာ စကားပြောကြားကာ အခမ်းအနားကို ခေတ္တရပ်နားလိုက်ကြောင်း သိရှိရသည်။ 

                                                                                                                                                                           မောင်မောင်သန်း(တောင်ကြီး)