(၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းလုပ်ငန်းများ တင်ဒါဖွင့်ပွဲ ကျင်းပ

တောင်ကြီး   သြဂုတ်   ၇

609

   ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (၂၀၁၄-၂၀၁၅)ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းလုပ်ငန်းများ တင်ဒါဖွင့်ပွဲကို သြဂုတ်(၇)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။ 

   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ရေ/ မီး/ လမ်း/ တံတား ရရှိရေးနှင့် ကောင်းမွန်စေရေး တို့အတွက် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လူနေမှုဘဝ မြှင့်မားရေးအတွက် ကုမ္ပဏီများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီး ဦးစိုင်းဆာလူက အဖွင့်အမှာစကား၌ ပြောကြားသွားသည်။ 

   ဆက်လက်၍ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း လုပ်ငန်းများ တင်ဒါဖွင့်ပွဲကိစ္စရပ်များနှင့်ပက်သတ်သည်များကို ရှင်းလင်းပြီး၊ တင်ဒါတင်သွင်းသော ကုမ္ပဏီများ၏ တင်သွင်းငွေ ပမာဏများအား ဖွင့်ဖောက်စိစစ် မှတ်တမ်းတင်၍ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးစိုင်းဆာလူက နိဂုံးချုပ်အမှာစကားပြောကြားက အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

   ထို့နောက် တင်ဒါဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး၊ တင်ဒါရွေးချယ် ကော်မတီများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ကြပြီး၊ တင်ဒါ ဖွင့်ပွဲတွင် ရေ/ မီး/ လမ်း/ တံတား လုပ်ငန်းကိစ္စရပ်များ အဓိကရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)