ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါခေါင်လပြည့်နေ့ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်း လှူပွဲ ကျင်းပ

တောင်ကြီး   သြဂုတ်   ၁၀

613

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါခေါင်လပြည့်နေ့ သြဂုတ်(၁၀) ညနေ(၃)နာရီက တောင်ကြီးမြို့၌  မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြောင်းသိရှိရသည်။ နေ့လည် (၁၂)နာရီခွဲက သံဃာတော်အပါး(၁၃၇၆)ပါးသည် တောင်ကြီးမြို့ တောင်ကျောင်းကြီးပရိယတ္တိ စာသင်တိုက်မှ စတင်ကာ အနောက်မြို့ပတ်လမ်းတလျှောက်အတိုင်းကြွချီလာရာ အလှူရှင်များက ဆွမ်းဆန်စိမ်းများ လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြပြီး မင်းကျောင်းပရိယတ္တိ စာသင်တိုက် ကျောင်း၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း၊ ပြည်နယ် ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံရပ်ကွက်နေ ပြည်သူများ၊ အလှူရှင်များက သံဃာတော်များကို ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လောင်းလှူကြသည်။

   ဆက်လက်၍ မင်းကျောင်း ပရိယတ္တိစာသင်တိုက် ဓမ္မာရုံတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း၊ ပြည်နယ် ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များ၊ ဆရာတော်သံဃာတော်များတို့က အခမ်းအနားကို နမောတဿ(၃)ကြိမ် ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ နိုင်ငံတော် သြဝါဒါစရိယ (အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာကမ္မဌာန စရိယ) စွန်းလွန်းဂူ ကမ္မဌာန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။

   ထို့နောက် ဆရာတော် သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်ပေးကြပြီး၊ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး၊  ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြသည်။

   ၎င်းနောက် ပြည်နယ် သံဃာနာယက အဖွဲ့ဥက္ကဌ(အဂ္ဂမဟာပဏ္ဍိတ) ဥတ္တရာရုံ ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာသီရိက ကုသိုလ်အဖို့ဘာဂကို ရေစက်သွန်းချ အမျှပေးဝေတော်မူ ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါခေါင်လပြည့်နေ့ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ ကျောင်းပေါင်း(၈၉)ကျောင်းနှင့် သံဃာအပါးပေါင်း (၁၃၇၆)ပါး၊ မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာများ ပြည်နယ်/ ခရိုင်/ မြို့နယ်တို့မှ ဆန်အိတ် စုစုပေါင်း(၁၅၉၅)အိတ်နှင့် တန်ဖိုးငွေကျပ်သိန်း(၃၁၇, ၅ဝဝဝဝိ/-) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

                                                                                                                                                                           မောင်မောင်သန်း(တောင်ကြီး)