ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်၌ ပြည်နယ်ဦးစီးမှူးရုံးဖွင့်ပွဲ ကျင်းပ

တောင်ကြီး   သြဂုတ်   ၁၈

620

   အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးဖွင့်ပွဲကို သြဂုတ်(၁၈)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ အမှတ်(၁၃၉) ဒုတိယအထပ် စဝ်စံထွန်းလမ်း စျေးပိုင်းရပ်ကွက်၌ ကျင်းပကြောင်း သိရသည်။

   ရှမ်းပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးဖွင့်ပွဲကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

   ဆက်လက်၍ ပြည်နယ်ဦးစီးမှူးရုံး ဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ရုံးခန်းမများကို လှည့်လည်ကြည့်ရှုကြရာ ရုံးဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေအား ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ ရှင်းလင်းတင်ပြကာ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်အား ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

621

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းဆောင်သစ်လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

   ပထမဦးစွာ ကျောင်းဆောင်သစ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေ၊ ကျောင်းအကျိုးတော်ဆောင် အတွင်းရေးမှူး ဦးသန့်ဇင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ကျောင်းဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးလိုက်သည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျောင်းဆောင်သစ်ခန်းမအတွင်း လှည့်လည်ကြည့်ရှုကြပြီး၊ အခမ်းအနား ဒုတိယပိုင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားကြောင်းသိရသည်။ ဆက်လက်၍ ဆောက်လုပ်ရေးကုမ္ပဏီမှတာဝန်ရှိသူ တစ်ဦးက ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို အမှတ်(၁၀) အခြေခံ ပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ထံလွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

  ၎င်းနောက် ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးမော်တင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ၊ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ်အလံနှင့် အမှတ်တရ လက်ဆောင်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့ကို နေရာအရောက်ပေးအပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                          မောင်မောင်သန်း(တောင်ကြီး)