ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တက်ဟုန်းပြည်နယ်ခွဲကွန်မြူနစ်ပါတီ ဥက္ကဌ Mr. Wang Jun Qiang အဖွဲ့နှင့်တွေ့ဆုံ

တောင်ကြီး   စက်တင်ဘာ   ၁၁

645

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့သည် စက်တင်ဘာ(၁၁)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲကွန်မြူနစ်ပါတီ ဥက္ကဌ Mr. Wang Jun Qiang ဦးဆောင်သည် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

   ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဆွေးနွေးရာ မူဆယ်ခရိုင်အတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်များ ပြုလုပ်လို ကြောင်း၊ မူဆယ်ဒေသနှင့် ယူနန်ပြည်နယ်တို့သည် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေး ကိစ္စရပ်များ(၁)နိုင်ငံနှင့်(၁)နိုင်ငံ ခွဲဝေမှု ဥပဒေကိစ္စရပ်များ၊ တရားဥပဒေ စိုးမိုးရေးတို့ကို ဆွေးနွေးလိုကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် ယဉ်ကျေးမှုများ၊ အားကစားများ၊ ခရီးသွားလုပ်ငန်းများ ဆွေးနွေးစေလိုကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ သဘာဝ အလှအပများ၊ ယဉ်ကျေးမှုများကိုလည်း လေ့လာသွားစေလိုကြောင်း ဆွေးနွေးပြောကြားသွားကြောင်း သိရသည်။

   ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ ကွန်မြူနစ် ပါတီ အမြဲတမ်းကော်မတီ ဥက္ကဌ၊ ရွှေလီအထူးစီးပွားရေးဇုန် စမ်းသပ်ရန် စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဌ Mr. Wang Jun Qiang က ပြန်လည်ဆွေးနွေးရာတွင် ယူနန်ပြည်နယ်အနေဖြင့် မြန်မာ နိုင်ငံနှင့် ရှမ်းပြည်နယ်အပါအဝင် လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်နေပါကြောင်း၊ နှစ်နိုင်ငံ စီးပွားရေးကူးသန်းရောင်းဝယ်ရေးအတွက် ဆောင်ရွက်လိုကြောင်း၊ ရှမ်းပြည်နယ်နှင့်ပူးပေါင်း ဆောင်ရွက်လိုပြီး၊ ရှမ်းပြည်နယ်ကို လာရောက်ခြင်းဖြင့် မူဆယ်မြို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ပေါင်းစပ်ညှိနှိုင်းပါက ရွှေလီနှင့် မူဆယ်ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း၊ လွန်ခဲ့သည်(၂၀၁၃) ခုနှစ်က မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ် စီးပွားကူးသန်း ရောင်းဝယ်မှုတွင်(၇၂%)တိုးတက်ပြီး၊ (၂၀၁၄)ခုနှစ်တွင် (၁၄၀%)တိုးတက်ကြောင်း ရှမ်းပြည်နယ်တွင် လယ်ယာစိုက်ပျိုးကဏ္ဍများ ကိုလည်း ဆွေးနွေးလိုကြောင်း၊ ကောင်းမွန်သောအလားအလာရှိကြောင်း၊ နှစ်နိုင်ငံတောင်သူလယ် သမားများအား အကျိုးခံစားခွင့်ရရှိပြီး၊ ထွက်ရှိလာသည့် ကုန်ပစ္စည်းများကို တရုတ်ပြည် စျေးကွက် တွင် တင်ပို့နိုင်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများလည်း ဆောင်ရွက်လိုကြောင်း၊ ရှမ်းပြည်နယ် လယ်ယာကဏ္ဍများအနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေး သွားသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ်အမှာစကားပြောကြားရာ မှာ ရှမ်းပြည်နယ်သည် ခရိုင်(၁၃)ခုနှင့် မြို့နယ်(၅၅)မြို့နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၅)ခုရှိ သည်။ တရုတ်နှင့်မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်ငန်း အဓိကကျသော နယ်စပ်ထွက်ပေါက်မှာ မူဆယ်မြို့ဖြစ်ပြီး၊ နယ်စပ်ဂိတ်အသစ်တစ်ခုဖောက်လုပ်စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ထွက်ရှိသော ဆန်၊ ပြောင်းနှင့် လယ်ယာထွက်သီးနှံ တင်ပို့မှုကို အဆွေတော်တို့အနေဖြင့် ခက်ခဲမှုမရှိစေရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ ပို့ကုန်/ သွင်းကုန်များကိုလည်း မူဆယ်(၁၀၅)မိုင်တွင် စုရပ်လုပ်၍ စနစ်တကျစိစစ်ပြီး ပေးပို့လျက်ရှိပါ ကြောင်း၊ နှစ်နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန် ချစ်ကြည်ရေးကို ခိုင်မာစွာ တည်ဆောက်သွားရန်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သို့ ရောက်ရှိစဉ်အတွင်း အင်းလေးဒေသနှင့် သဘာဝအလှရှုခင်းအလှများကို အမှတ်တရလှည့်လည်ကြည့်ရှုကြပါရန်၊ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။