အ.ထ.က(ခွဲ) တောင်လေးလုံး ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကျင်းပ

တောင်ကြီး     စက်တင်ဘာ - ၂၇

659

  ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ အ.ထ.က(ခွဲ)တောင်လေးလုံးကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကို စက်တင်ဘာ(၂၇)ရက် နံနက်(၈)နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခွဲ တောင်လေးလုံး၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ တောင်လေးလုံးကျောင်း RC နှစ်ထပ်ကျောင်းဆောင်သစ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊  ပြည်နယ်ပညာရေး ညွှန်းကြားရေးမှူး ဦးချစ်ဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ကျောင်းဆောင်သစ် အား လှည့်လည်ကြည့်ရှု့စစ်ဆေးကြကြောင်းသိရသည်။

  ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းတွင် တောင်လေးလုံး အ.ထ.က(ခွဲ)ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကားပြောကြားရာ အခြေခံပညာကျောင်းအားလုံး ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခြင်း၊ ကျောင်းသား ဝင်ဆံအင်အားအရ ထပ်မံတိုးချဲ့အသစ်ဆောက်လုပ်ပေးခြင်း၊ အန္တရာယ်ရှိကျောင်းဆောင် များ ဖျက်သိမ်းပြီး၊ အသစ်ပြန်လည်တည်ဆောက်ခြင်း၊ သဘာဝဘေးဒဏ်ကြောင့် ပျက်စီသွားသော အဆောက်အဦများကို နိုင်ငံတော်နှင့် NGO အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အလှူရှင်များက ပြန်လည်ပြုပြင်တည်ဆောက်ပေးခြင်း၊ ကျောင်းသားအချိုးအရ လိုအပ်နေသော သန့်စင်ခန်းများကို ခွင့်ပြုငွေများခွဲပေးပြီး၊ ဆောက်လုပ်ပေးခြင်း၊ စာသင်ခုံများ ပြုလုပ်ရန် ပရိဘောဂရန်ပုံငွေများခွဲဝေပေးခြင်း၊ စသည့်ရုပ်ပိုင်ဆိုင်ရာများကို ပြုပြင် ဖြည့်ဆည်းတည်ဆောက်ပေးလျှက် ရှိကြောင်း ပြောကြားသွားသည်။

      ထို့နောက်ရှမ်းပြည်နယ် ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေက အမှာစကားပြောကြားပြီး၊ လျှံထူးအောင် ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသော်တာမှ ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ တောင်လေးလုံးအ.ထ.က(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာအေးက လက်ခံရယူသည်။

   ၎င်းနောက်အလှူငွေနှင့် စာရေးခုံ/ ထိုင်ခုံများ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ စာရေးခုံ(၄၀)ခုံ၊ မိုးမာဃ သကြားစက်မိသားစုမှ (၄)ယောက်တွဲထိုင်ခုံ (၁၀)စုံနှင့် အခမ်းအနားအတွက် အလှူငွေကျပ်(၁)သိန်း၊ လျှံထူးအောင် ဆောက်လုပ်ရေးကုမ္ပဏီမှ (၃)ယောက်တွဲစာသင်ခုံ (၄၀)စုံ၊ စာရေးစာပွဲ(၆၀)စုံ၊ ကောဇောတစ်ခန်းစာနှင့် အခမ်းအနားအတွက် အလှူငွေကျပ်(၅)သိန်း၊ လရိပ်ဝါမိသားစုမှ အခမ်းအနားအတွက် လိုအပ်သော ပန်းပင်နှင့် အလှပန်းအိုးများတို့ကို အသီးသီးပေးအပ်လှူဒါန်ကြရာ အခြေခံပညာအထက်တန်းကျောင်းခွဲ တောင်လေးလုံး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာအေးက လက်ခံရယူကြောင်းသိရသည်။

   ယင်းနောက် ကျောင်းအကျိုးတော်ဆောင်အတွင်းရေးမှူး ဦးဘိုဘိုထွန်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး၊ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ်လက်ဆောင်များကို ကျောင်းအုပ်ဆရာမကြီးမှ နေရာ အရောက်ပေးအပ် ကာ၊ အခမ်းအနားကို တောင်လေးလုံးအ.ထ.က(ခွဲ)ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ ရုပ်သိမ်း လိုက်ကာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ ပြည်နယ်/ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ၊ အလှူရှင်များတက်ရောက်ကြကြောင်းသိရသည်။

 

                                                                                                                                                                                                         မောင်မောင်သန်း(တောင်ကြီး)