ရှမ်းပြည်နယ်သတင်းများ

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားများ မူလကိန်းဝပ်စံပယ်တော်မူသည့် ရတနာစံကျောင်းတော်ကြီးပေါ်သို့ ပြန်လည်ကြွဝင်

တောင်ကြီး အောက်တိုဘာ - ၁၁

673

   အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားများသည် အင်းလေးဒေသ(၂၁)ဌာနသို့ ကြွချီအပူဇော်ခံပြီး၊ မူလကိန်းဝပ် စံပယ်တော်မူသည့် ရတနာစံကျောင်းတော်ကြီးပေါ်သို့ ပြန်လည်ကြွဝင်သည့် အခမ်းအနားကို အောက်တိုဘာ(၁၁)ရက် နံနက်(၉) နာရီက အဆိုပါစံကျောင်းတော်၌ ကျင်းပရာ ပထမဦးစွာ ကရဝိတ် ဖောင်တော်ပေါ်မှ ဖောင်တော်ဦးမြတ်စွာဘုရားများအား စံကျောင်းတော်ကြီးပေါ်သို့ ပင့်ဆောင်ရာ ပထမ ကိုယ်စားတော်မြတ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး တို့က ပင့်ဆောင်၍လည်းကောင်း၊ ဒုတိယကိုယ်စားတော်မြတ်ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူးတို့က ပင့်ဆောင်၍လည်းကောင်း၊ တတိယကိုယ်စားတော်မြတ်ကိုယ် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ပင့်ဆောင်၍လည်းကောင်း၊ စတုတ္ထကိုယ်စားတော်မြတ်ကို ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အသီးသီးပင့်ဆောင်ကြကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်တို့က ဖောင်တော်ဦး မြတ်စွာဘုရားများအား၊ ဆွမ်း၊ ဆီမီး၊ ရေချမ်း၊ ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပြီး၊ ဂေါပကအဖွဲ့မှ ဓမ္မလက်ဆောင် (၂၁)ဌာနကြာသင်္ကန်းများ ဝေငှာပေး၍ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြောင်းသိရသည်။

674

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် နန်းဟူး ဘုန်းတော်ကြီးကျောင်းတွင် ဟဲယာရွာမရွှေဘုံသာကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများတို့က ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

675

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် အင်းသား ရိုးရာလေးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကိုကြည့်ရှုအားပေးကြပြီး၊ ဆုများချီးမြှင့်ပေးရာ အင်းသားရိုးရာ ဆွမ်းပို့လှေ အဖွဲ့ကို  ပြည်နယ်ဥပဒေချုပ်၏ဇနီးနှင့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၏ဇနီးတို့မှ ဆုချီးမြှင့်၍ လည်းကောင်း၊ လှေယာဉ်အလှအဖွဲ့ ဟဲယာရွာမနှင့် အင်းပေါခုံ အသင်းတို့ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီးနှင့် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၏ဇနီးတို့မှ ဆုချီးမြှင့်၍ လည်းကောင်း၊ အမျိုးသား(၄၆)တက်နှစ်သိမ့်ဆုရအသင်းကို ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ် စည်ပင်သာယာ ရေးဝန်ကြီးတို့မှ ဆုချီးမြှင့်၍လည်းကောင်း၊ တစ်ဦးချင်းလှေလှော်ပြိုင်ပွဲ နှစ်သိမ့်ဆုရရှိ သူများကို ပြည်နယ်လမ်းပန်ဆက်သွယ် ရေးဝန်ကြီး၊ တစ်ဦးချင်လှေလှော်ပြိုင်ပွဲ ပထမ၊ ဒုတိယဆုရရှိ သူများကို ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးတို့မှ ဆုများအသီးသီးချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသမီး(၂၆)တက်ဒုတိယဆုရအသင်းကို ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၏ဇနီးနှင့် ပထမဆုရအသင်းကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွှန့် တို့မှ ဆုချီးမြှင့်၍လည်းကောင်း၊ အမျိုးသား(၄၆)တက် ဒုတိယဆုရအသင်းကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးနှင့် ပထမဆုရ အသင်းကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့မှ ဆုချီးမြှင့်၍လည်းကောင်း၊ အမျိုးသားရာကျော်လှေပြိုင်ပွဲ ဒုတိယဆုရအသင်းကို ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် ပထမဆုရအသင်းကို ပြည်နယ်ဝန်ကြီး ချုပ် ဦးစဝ်အောင်မြတ်တို့မှ အသီးသီးဆုများပေးအပ်ချီးမြှင့်ပေးအပ်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ဆုရရှိသော လှေပြိုင်အသင်းများကို လိုက်လံနှုတ်ဆက်ကြကာ အခမ်းအနားကို နောင်အင်းလေး သီချင်းဖြင့် ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

676

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ညောင်ရွှေမြို့ အင်းလယ်ဖိုတဲသို့ ရောက်ရှိပြီး ပြည်နယ်ဆည်မြောင်းဦးစီးဌာန၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆည်မြောင်းဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးက အင်းလေးကန်သာယာလှပစိမ်းလန်းစိုပြည်ရေး နှင့် ရေရှည်တည်တံခိုင်မြဲရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်နယ်သစ်တော်ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းမောင်က အင်းလေးကန်ရေရှည်တည်တံရေး ထိခိုက်စေသော အကြောင်းအရာများနှင့် ပတ်သက်၍ လည်းကောင်း၊ ညောင်ရွှေမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဝင်းထွန်းက အရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ ထုတ်လုပ်မှုနှင့် ပုလဲသွယ်စပ်မျိုးစပါး နှစ်အလိုက် တိုးမြှင့်စိုက်ပျိုးနိုင်မှုများနှင့် သိပ္ပံနည်းကျ စိုက်နည်းစနစ်များ သူတေသနပြုလုပ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက် မှာကြားပြီး၊ ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက် သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 78 guests and no members online

Latest Updates