အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ် သင်တန်းဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်လွှဲပြောင်း အပ်နှံခြင်း အခမ်းအနားကျင်းပ၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြား

တောင်ကြီး အောက်တိုဘာ - ၁၇

693

   အားကစားသည် နိုင်ငံတစ်နိုင်ငံဂုဏ်၊ လူမျိုးတစ်မျိုး၏ သိက္ခာဖြစ်ရာ နိုင်ငံတကာအလယ်၌ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အားကစားနည်းဖြင့် မြှင့်တင်နိုင်မည့် ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား လူရည်ချွန်များ မွေးထုတ်ပေးနိုင်ရေးနှင့် မြန်မာ့အားကစားအောင်မြင်မှု ရေရှည်တည်တံ့နိုင်ရေးအတွက် အထောက် အကူပြုနိုင်ရန် အားကစားနှင့် ပညာရေးပေါင်းစပ် အကောင်အထည်ဖော်မှု လုပ်ငန်းသည်လည်း အားကစားဝန်ကြီးဌာန၏ အဓိကတာဝန်တစ်ရပ်အဖြစ် ပါရှိနေရာ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)၏ အားကစားနှင့်ပညာရေးပေါင်းစပ် သင်တန်းဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်လွှဲပြောင်း အပ်နှံခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့(အေးသာယာ)တွင် ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီဥက္ကဌ၊ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တက်ရောက်ဖွင့်လှစ်သည်။

694

   အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

   ရှေ့ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံဆိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း၊ အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က မော်ကွန်းကမ္ဗည်းကျောက်စာ ကို လျှပ်စစ်ဘောလုံးနှိပ်၍ ဖွင့်လှစ်ပေးကာ အမွှေးနံ့သာဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။

   ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံဆိုင်၊ ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့က ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အမှတ်တရ သစ်ပင်စိုက်ပေး ခဲ့ကြသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့်ကာယ ပညာသိပ္ပံ(တောင်ကြီး)ရှိ မီတာ(၄၀၀)ပြေးလမ်းပါ ဘောလုံးကွင်း ဖောက်လုပ်ပြီးစီးမှု၊ မြက်စိုက်ပျိုးပြီးစီးမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပါသည်။

695

   ဆက်လက်၍ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)၏ ၂၀၁၄-၂၀၁၅ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ် သင်တန်းဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်လွှဲပြောင်း အပ်နှံခြင်းအခမ်းအနားကို အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး) အားကစားခန်းမ၌ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ တွင် ယနေ့အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)ကို အောင်မြင်စွာဖွင့်လှစ်နိုင်ပြီးဖြစ်လို့ မြန်မာ့အားကစား လောကနှင့် ရှမ်းပြည်နယ်အတွက် မင်္ဂလာရှိတဲ့နေ့တစ်နေ့ဖြစ်ကြောင်း အားကစားနှင့်ကာယပညာသိပ္ပံများဟာ အားကစားဖြင့် နိုင်ငံဂုဏ်ဆောင်နိုင်မည့် အားကစားခေါင်းဆောင်များ၊ နည်းပြများနှင့် အလားအလာရှိသည့် မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးရာ အောင်မြေဖြစ်ကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကို ၁၉၉၂ခုနှစ်၊ ဇူလိုင်လ(၂)ရက်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ကို ၂၀၀၂ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှာ မြန်မာ့အားကစားလောကအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် နည်းစနစ်မှူးများ၊ နည်းပြဆရာကောင်းများ အလုံအလောက်မွေးထုတ်ပေးရန် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှုအတွက် အားကစားနှင့် ကာယပညာလုပ်ငန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်စေရန် မြန်မာ့ အားကစားမှ ကမ္ဘာ့အားကစားသို့ ဟူသော နိုင်ငံတော်၏ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် အထောက်အကူပြုစေရန်၊ သွေးသစ်လောင်းနိုင်မည့် ထူးချွန်သော လူငယ်အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေးအတွက် အထောက်အကူပြုစေရန် အားကစားနှင့် ကာယပညာလုပ်ငန်းများတွင် အစဉ်အမြဲ တိုးတက်မှုရရှိစေရန်အတွက် အားကစားနှင့်ကာယပညာနှင့်ပတ်သက်သော သုတေသနလုပ်ငန်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဖွင့်လှစ်ခဲ့ပြီးဖြစ်တဲ့ အားကစားနှင့် ကာယပညာသိပ္ပံများမှ တာ၀န်ရှိသူများက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲတွေမှာ နိုင်ငံတော်အတွက် ဆုတံဆိပ်ဆွတ်ခူးပေး ခဲ့တဲ့ အားကစားသမားများကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဒီလိုအောင်မြင်မှုတွေကြောင့် အားကစားနှင့်ကာယပညာ သိပ္ပံ(မော်လမြိုင်)ကို ၂၀၁၄ခုနှစ်၊ ဇွန်လ(၉)ရက်နေ့မှာ ထပ်မံဖွင့်လှစ်ခဲ့တဲ့အပြင် အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)ကို ယနေ့ထပ်မံဖွင့်လှစ်နိုင်ခဲ့တာဖြစ်ကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် မန္တလေးကို (က)အဆင့် သတ်မှတ်ကာ ကျောင်းသား၊ ကျောင်းသူ(၆၀၀)ဦး အားကစားနည်း(၂၅)မျိုး၊ မော်လမြိုင်နှင့် တောင်ကြီး ကို(ခ)အဆင့်သတ်မှတ်ကာ ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦး၊ အားကစားနည်း(၁၀)နည်း လက်ခံသင်ကြားပေးပြီး နောက်စာသင်နှစ်များမှာ တိုးချဲ့လက်ခံသွားမှာဖြစ်ကြောင်း၊ အားကစားနည်းအလိုက် တိုးတက်မှုရှိပြီး ကျန်းမာရေး ပြည့်စုံသူများကို တက္ကသိုလ်ဝန်တန်းအောင်မြင်တဲ့အထိ နိုင်ငံတော်ကဆက်လက် တာဝန်ယူ သင်ကြားလေ့ကျင့်ပေး မည်အပြင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပါက နေပြည်တော်မှာ ဖွင့်လှစ်မည့် အားကစားတက္ကသိုလ် တက်ရောက်စေမှာဖြစ်ပြီး ပညာရေးမထူးချွန်သော်လည်း အားကစားထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူများကို အားကစားဝန်ကြီးဌာနမှာ သင့်တော်တဲ့ ရာထူးတာဝန်များ စီစစ်ခန့်အပ်သွားမှာဖြစ်လို့ ကျောင်းသား/ကျောင်းသူများ အားလုံး ပညာထူးချွန်ပြီး အားကစားဖြင့် နိုင်ငံဂုဏ်မြှင့်တင်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားပါသည်။

   ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး) ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

   ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းဆောင်သစ်အတွက် စာရွက်စာတမ်းများ အား တာဝန်ယူဆောက်လုပ်ခဲ့ကြသည့် ကုမ္ပဏီများကိုယ်စား Grand Glory ဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးနေလင်းမှ ပေးအပ်ရာ လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း ကလက်ခံရယူပါသည်။

   ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)အတွက် Grand Glory ဆောက်လုပ်ရေးကုမ္ပဏီ မှ ကျပ်သိန်း(၅၀)၊ အောင်ချမ်းသားဆောက်လုပ်ရေးကုမ္ပဏီမှ ကျပ်သိန်း(၅၀)၊ လပ်ကီးမြန်မာဆောက်လုပ်ရေး ကုမ္ပဏီမှ ကျပ်သိန်း(၅၀)ပေးအပ်လှူဒါန်းရာ လူမှုရေး၀န်ကြီး ဒေါက်တာမျိုးထွန်းက လက်ခံရယူပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၊ တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ အား ကျောင်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များ ပေးအပ်ပါသည်။

   ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမျိုးသား(၃)ထပ် အိပ်ဆောင်၊ စာသင်ဆောင်၊ ထမင်းစားရိပ်သာ၊ ဆေးပေးခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ က လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်း ရရှိသည်။