ရှမ်းပြည်နယ်သတင်းများ

(၁၆)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲ စာအောင်ဘွဲ့နှင်းသဘင် ကျင်းပ

တောင်ကြီး   အောက်တိုဘာ   ၂၁

698

   (၁၆)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲ စာအောင်ဘွဲ့နှင်းသဘင် အခမ်းအနားကို  အောက်တိုဘာ(၂၁)ရက် မွန်းလွှဲ(၁)နာရီက ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အတုလမာရဇိန် ဆုတောင်းပြည့် မြတ်စွာဘုရား မြို့လယ် ဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။

   ပထမဦးစွာ အခမ်းအနားကို ဆရာတော်/သံဃာတော်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က "နမော တဿ"သုံးကြိမ်ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနာစရိယ၊ စွန်းလွန်းကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကြောင်း သိရသည်။

   ဆက်လက်၍ မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့ ဥက္ကဌ ဦးစွန်ကြိုင်က (၁၆)ကြိမ်မြောက် ကမ္ဗောဇ သာမဏေကျော် စာမေးပွဲ ကျင်းပအောင်မြင်မှုအခြေအနေများကို တင်ပြလျှောက်ထားသည်။

   ထို့နောက် ကမ္ဗောဇ သာမဏေကျော်ဘွဲ့ရ "သာမဏေကျော်များ"ကို ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဓမ္မာရုံဂေါပကအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဘွဲ့ပုံတော်၊ ဘွဲ့တံဆိပ်တော်၊ ဘွဲ့အလံတော်များ၊ စာမေးပွဲအဆင့်အလိုက် အောင်လက်မှတ် စာအောင်ဆုများ တို့ကို အသီးသီးဆက်ကပ်ပေးကြကြောင်း သိရသည်။

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွှန့်မှ နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနာစရိယ၊ စွန်းလွန်းကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

   (၁၆)ကြိမ်မြောက် ကမ္ဗောဇ သာမဏေကျော် စာမေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ စာဖြေသည့်သာမဏေ အပါးပေါင်း(၇၃၃)ပါးရှိပြီး၊ ပထမအဆင့် ဝင်ရောက်ဖြေဆိုသော စာရင်းသွင်း သာမဏေအပါး(၅၆၈)ပါး၊ ဖြေဆိုသည့်သာမဏေ(၄၁၈)ပါး၊ အောင်မြင်သည့်သာမဏေ(၉၁)ပါး၊ ဒုတိယအဆင့်ဝင်ရောက်ဖြေဆိုသော စာရင်းသွင်းသာမဏေအပါး(၂၉၁)ပါး၊ ဖြေဆိုသည့် သာမဏေ (၂၄၀)ပါး၊ အောင်မြင်သည့်သာမဏေ(၃၇)ပါး၊ တတိယအဆင့် ဝင်ရောက်ဖြေဆိုသော စာရင်းသွင်း သာမဏေအပါး(၈၆)ပါး၊ ဖြေဆိုသည့်သာမဏေ(၇၅)ပါး၊ အောင်မြင်သည့်သာမဏေ(၁၃)ပါး၊ စုစုပေါင်း(၁၄၁)ပါး အောင်မြင်ကြောင်း၊ မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့ဝင်တစ်ဦးမှ ပြောကြားကြောင်း သိရသည်။

   အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်နယ် တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဓမ္မာရုံ ဂေါပကအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဓမ္မာစင်္ကြာဝတ်အသင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ၊ ကင်းထောက် အဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြ ကြောင်း သိရသည်။

                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 57 guests and no members online

Latest Updates