ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိဖလှယ်ဆွေးနွေးပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ - ၂၄

699

   လူမှုဝန်ထမ်းရုံးနှင့် Save The Children ပူးပေါင်းပြုလုပ်သောကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ အသိဖလှယ် ဆွေးနွေးပွဲကို အောက်တိုဘာ(၂၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်းရုံး၌ ကျင်းပကြောင်း သိရသည်။

   ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ပါ အချက်အလက်များနှင့် ကလေးသူငယ် ဥပဒေ ပါပြဌာန်းချက်များကို လက်ရှိအခြေအနေထက် ပိုမိုလေ့လာသိရှိခွင့် ရရှိရေးအတွက် တိုးမြှင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ ကုလသမဂ္ဂသဘောတူညီချက်များနှင့် မြန်မာနိုင်ငံကလေးသူငယ် ဥပဒေပါပြဌာန်းချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ရွာပြည်သူလူထုအပါအဝင် လူကြီးမိဘများ အားလုံးက သိရှိလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ဒေသရှိ ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ကိစ္စရပ်၌ ပြည်သူလူထုများ သိရှိပူးပေါင်းဆောင်ရွက်နိုင်အောင် ဦးစီးဆောင်ရွက်သွားရေးအတွက် အသိဖလှယ်ဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ အနာဂတ်ကို ဖန်တီးတည်ဆောက်ကြမည့် ကလေးသူငယ်လူငယ် မျိုးဆက်သစ်များ၏ အကောင်းဆုံးအကျိုး စီးပွားကို ဖော်ဆောင်၍ ကလေးများနှင့် လိုက်ဖက်သည့် ဖွံ့ဖြိုးတိုးတက်ပြီး၊ အေးချမ်းသာယာသော ပတ်ဝန်းကျင်ကောင်း ဖြစ်လာစေရန် ပြည်သူ့ကိုယ်စားလှယ်များ အပါအဝင် အားလုံးလက်တွဲညီညီဆောင်ရွက်ကြရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကအဖွင့် အမှာစကား၌ ပြောကြားသွားကြောင်းသိရသည်။

   ဆက်လက်၍ Save The Childrenအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်က ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ အဆင့်ဆင့်တာဝန်ရှိသူများနှင့် ကလေးသူငယ်များဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ငန်းဆိုင်ရာအစီရင်ခံစာ တင်ပြချက် အကြံပြုချက်များနှင့် ဆိုင်သောအချက်အလက် များအကြောင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရှင်းလင်း ပြောကြားပြီး၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ အသိဖလှယ်ဆွေးနွေးပွဲကို အောက်တိုဘာ(၂၄)ရက်မှ (၂၅)ရက်နေ့ထိ ဆွေးနွေး သွားမည်ဖြစ်ပြီး၊ ဆွေးနွေးပွဲတွင် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ လူမူရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)