တောင်ကြီးမြို့၊ အေးသာယာပြည်သူ့ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး စီမံကိန်း(MOA)၊ ခေတ်မီအဆင့်မြင့် ယာဉ်ရပ်နားစခန်း တည်ဆောက်ခြင်းလုပ်ငန်း(MOA)နှင့် မူဆယ်မြို့ ခေတ်မီမြို့ ပတ်ကမ်းနားလမ်း စီမံကိန်း စာချုပ်ပြင်ဆင် ဖြည့်စွက်ခြင်း၊ လက်မှတ်ရေးထိုး

တောင်ကြီး ဒီဇင်ဘာ - ၂၆

832

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တောင်ကြီးမြို့၊ အေးသာယာ ပြည်သူ့ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး စီမံကိန်း(MOA)၊ တောင်ကြီးမြို့၊ ခေတ်မီအဆင့်မြင့် ယာဉ်ရပ်နားစခန်း တည်ဆောက်ခြင်းလုပ်ငန်း(MOA)နှင့် မူဆယ်မြို့ ခေတ်မီမြို့ ပတ်ကမ်းနားလမ်း စီမံကိန်း စာချုပ်ပြင်ဆင် ဖြည့်စွက် လက်မှတ်ရေးထိုးခြင်းကို ဒီဇင်ဘာ(၂၆)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော် ခန်းမ၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြား ကြောင်းသိရသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်ဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းမှ အေးသာယာ၊ ပြည်သူ့ဝန်ထမ်းအိမ်ရာ စီမံကိန်းနှင့် တောင်ကြီးမြို့၊ ခေတ်မီအဆင့်မြှင့် ယာဉ်ရပ်နားစခန်း စီမံကိန်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားကြောင်းသိရသည်။

ထို့နောက် အေးသာယာပြည်သူ့ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းလုပ်ငန်း စီမံကိန်းအချက်အလက်များကို မင်းကျန်စစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးနန္ဒလှမြင့်မှ ရှင်းလင်း၍လည်းကောင်း၊ တောင်ကြီးမြို့ ခေတ်မီအဆင့်မြှင့် ယာဉ်ရပ်နားစခန်း တည်ဆောက်ရေး လုပ်ငန်းစီမံကိန်း အချက်အလက်များကို "ဝမင်း"ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးမှ ရှင်းလင်းတင်ပြကြကြောင်းသိရသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ ဥပဒေဆိုင်ရာ လုပ်ငန်း သဘောတူစာချုပ် ထုံးတမ်းများနှင့် ပတ်သက်၍ ဂရုပြုရန်များနှင့် လိုအပ်သည်များရှင်းလင်းပြောကြားပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် မင်းကျန်စစ်ကုမ္ပဏီလီမိတက်တိုအကြား ချုပ်ဆိုသော အေးသာယာ ပြည်သူ့ဝန်ထမ်း အိမ်ရာ တည်ဆောက်ရေးလုပ်ငန်း စီမံကိန်း သဘောတူစာချုပ် (MOA)လက်မှတ်ရေးထိုးရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် မင်းကျန်စစ်ကုမ္ပဏီလီမိတက် မန်နေဂျင်း ဒါရိုက်တာ ဦးနန္ဒလှမြင့်တို့က လက်မှတ်ရေးထိုး၍ အပြန်အလှန်စာချုပ်များပေးအပ်၍ လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဖြူစင်ကုမ္ပဏီအုပ်စု၊ "ဝမင်း"ကုမ္ပဏီလီမိတက်တိုကအကြား ချုပ်ဆိုသော တောင်ကြီးမြို့၊ ခေတ်မီအဆင့်မြှင့်ယာဉ်ရပ်နား စခန်းတည်ဆောက်ရေး လုပ်ငန်းစီမံကိန်း သဘောတူစာချုပ် (MOA)လက်မှတ်ရေးထိုးရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်း နှင့် ဖြူစင်ကုမ္ပဏီအုပ်စု၊ "ဝမင်း"ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုး၍ အပြန်အလှန် စာချုပ်များ ပေးအပ်၍ လည်းကောင်း၊ မူဆယ်မြို့ခေတ်မီမြို့ပတ် ကမ်းနားလမ်း၊ စီမံကိန်းစာချုပ် ပြင်ဆင်ဖြည့်စွက် လက်မှတ်ရေးထိုးကြပြီး၊ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး သဘောတူစာချုပ်များ လက်မှတ် ရေးထိုးပွဲ အခမ်းအနား အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အထောက်အကူပြု ကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ၊ စာချုပ်ချုပ်ဆိုမည့် ကုမ္ပဏီလုပ်ငန်းရှင်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)