ရှမ်းပြည်နယ်ပညာရေး စုံညီပွဲတော်ဖွင့်ပွဲ ကျင်းပ

တောင်ကြီး   ဇန်နဝါရီ    ၃

843

   (၂၀၁၄-၂၀၁၅) ပညာသင်နှစ်၊ ရှမ်းပြည်နယ်ပညာရေး စုံညီပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီ (၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

   ပထမဦးစွာ ရှမ်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း နှင့် ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေတို့က ရှမ်းပြည်နယ်ပညာရေး စုံညီပွဲတော်ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူတို့သည်၊ ကျောင်းသား/ ကျောင်းသူများ၏ ဘင်ခရာ၊ ပန်းပွား၊ ရိုးရာအက၊ ကာယာ လှုပ်ရှားစွမ်းရည် ပြသနေခြင်းကို ကြည့်ရှုအားပေးခြင်းနှင့် ပညာရေးစုံညီပွဲတော်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

   ထို့နောက် ဒေါ်ခင်သိန်းခန်းမ၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက " စုံညီပွဲတော် တို့နွဲပျော် " သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားရာ ယနေ့ကျင်းပသည့် ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်သည် ထူးချွန်ဆုရ ကျောင်းသား/ ကျောင်းသူများကို ဆုများချီးမြှင့်သွားမှာဖြစ်ပြီး၊ နိုင်ငံတော်မှ ဦးဆောင် အကောင်အထည်ဖော်နေ သည့် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်နေ ခြင်းသည် မှတ်တမ်းတင် ဂုဏ်ယူရမှာဖြစ်ကြောင်း၊ ကျောင်းအနေအရွယ် ကလေးအားလုံး ကျောင်းနေပျော်၍ စာတော်စေရန်အတွက် သက်ဆိုင်ရာအတန်းအလိုက် မိဘ၊ ဆရာ၊ ကျောင်းသား တွေ့ဆုံပွဲများကို တစ်လတစ်ကြိမ် တွေ့ဆုံပြီး၊ မိမိသားသမီးများ၊ တပည့်များအတွက် ပွင့်လင်း မြင်သာစွာ တွေ့ဆုံဆွေးနွေးကြရန် ပညာရေးဌာနက လမ်းညွှန်မှာကြား ထားပြီးဖြစ်ကြောင်း၊ "မိဘ ဆရာပူးပေါင်း ကလေးပညာကောင်း" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လမ်းညွှန်ချက်အတိုင်း ကလေးများ ပညာရည်မြင့်မားရန် လစဉ်တွေ့ဆုံပွဲများပြုလုပ်၍ ဖြည့်ဆည်းပေးကြရန် လိုအပ် ကြောင်း တိုက်တွန်းပြောကြားသွားကြောင်း သိရသည်။

   ၎င်းနောက် ပြည်နယ်အဆင့် ထူးချွန်ဆုရ ဆရာ/ ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူ များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများက ဆုများချီးမြှင့် ပေးကြကြောင်း သိရသည်။

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်/ မြို့နယ် ပညာရေးမှူးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                         မောင်မောင်သန်း(တောင်ကြီး)