အစုလိုက် ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း အသိပေးရှင်းလင်းပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၆

845

   ပြည်နယ်အဆင့်အစုလိုက် ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း အသိပေးရှင်းလင်းပွဲကို ဇန်နဝါရီ(၆)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ မြန်မာနိုင်ငံဆရာဝန်အသင်း အစည်းဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အမှာစကား ပြောကြားရာတွင် ကလေးငယ်များတွင် ရောဂါကူးစက်ဖြစ်ပွားမှုများပြားပြီး၊ ကာကွယ်ဆေးနှင့် ကာကွယ်၍ ရသော ရောဂါများဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာတွင် ရောဂါများကို ကာကွယ် နိုင်ရန်အတွက် ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ နှစ်စဉ်မွေးဖွားလျှက်ရှိသော အသက်(၁)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုး ကာကွယ်ဆေး(၈)မျိုး ထိုးနှံပေးပြီး တီဘီဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ဆုံဆို့ကြက်ညှာ ချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဝက်သက်ရောဂါနှင့် ပြင်းထန်ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါများ ဖြစ်ပွားမှုမှ ကလေးငယ်များကို ကာကွယ်ပေးလျှက်ရှိကြောင်း၊ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီး၏ အကြံပြုချက်အရ ရောဂါကာကွယ်ဆေး(၃)မျိုးဖြစ်သည့် ဂျိုက်သိုးရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် အဆုတ်ရောင်ရောဂါကာကွယ်ဆေးများ ထပ်မံထိုးနှံနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ အစုလိုက်ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးလုပ်ငန်း လွှမ်းခြုံမှုမြင့်မားစွာ ဆောင်ရွက်နိုင်ခြင်းဖြင့် ကလေးငယ်များနှင့် လူငယ်များတွင် ရောဂါကာကွယ်မှုစွမ်းအားများ တိုးတက် မြင့်မား လာမှာဖြစ်ပြီး မြန်မာနိုင်ငံသည် ဝက်သက်ရောဂါကင်းစင်ပြီး၊ ဂျိုက်သိုးရောဂါနှင့် မွေးရာပါ ဂျိုက်သိုးရောဂါ ထိန်းချုပ်နိုင်သော နိုင်ငံအဖြစ် ကမ္ဘာသို့ ကြေညာနိုင်မည်ဖြစ်သည့်အတွက် တာဝန်ရှိသူ အသီးသီးမှ အမျိုးသားရေးအသွင်အဖြစ် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသွားကြောင်းသိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှု ဒေါက်တာသန်းထွဋ်ဦးမှ အစုလိုက်ဝက်သက် နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများထံမှ ဦးဆောင်လမ်းညွှန်မှုခံယူ၍ တက်ရောက်လာသည့် ပြည်နယ်အဆင့် ဌာနဆိုင်များမှ ဆွေးနွေးတင်ပြကြကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေး မှူးများ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                       မောင်မောင်သန်း(တောင်ကြီး)