လွိုင်ခမ်း အိမ်ရာစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း ရှင်းလင်း

တောင်ကြီး   ဇန်နဝါရီ   ၁၀

852

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့်အတူ ဇန်နဝါရီ(၁၀)ရက် နံနက်(၁၀)နာရီခွဲက တောင်ကြီး မြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လွိုင်ခမ်းအိမ်ရာစီမံကိန်း လုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းတာဝန်ရှိသူများနှင့် တွေ့ဆုံရှင်းလင်းကြောင်း သိရ သည်။

   ပထမဦးစွာ လွိုင်ခမ်း အိမ်ရာစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒါရိုက်တာ ဦးရဲမင်းအေးက အိမ်ရာစီမံကိန်းလုပ်ငန်းများကို ကဏ္ဍအလိုက် ပါဝါပွိုင့်ဖြင့် ရှင်းလင်း တင်ပြသည်။

   ဆက်လက်၍ တက်ရောက်လာသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးများမှ မိမိတို့သိရှိလိုသည့်ကဏ္ဍအလိုက် ဆွေးနွေးကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ်အမှာစကားပြောကြားရာ ရှမ်းပြည်နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် မြို့ပြစီမံကိန်းနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လွိုင်ခမ်း အိမ်ရာစီမံကိန်းများကို မိမိဖြစ်ချင် သည့်အတိုင်း တင်ပြ၍ ရှင်းလင်းပေးသည့်အတွက် အစိုးရအဖွဲ့မှ အိမ်ရာပုံစံများကို မြင်တွေ့ရပြီး ဖြစ်ကြောင်း၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် လမ်းအသုံးပြုမှု ကိစ္စရပ်များကို သက်ဆိုင်ရာ ဌာနများနှင့် ကုမ္ပဏီများ ပူးပေါင်းလုပ်ကိုင်ရန်၊ အစိုးရအဖွဲ့နှင့် စနစ်တကျ ပူးပေါင်း ဆောင်ရွက် သည့်အတွက် MOU/ MOA  လက်မှတ်ရေးထိုးနိုင်အောင် အစိုးရအဖွဲ့မှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

   အဆိုပါတွေ့ဆုံရှင်းလင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွိုင်ခမ်းအိမ်ရာ စီမံကိန်းလုပ်ငန်း အကောင် အထည် ဖော်ဆောင်ရွက်မည့် ဒါရိုက်တာနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                        မောင်မောင်သန်း(တောင်ကြီး)