ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ နှင့် နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့်တွေ့ဆုံ

တောင်ကြီး   ဇန်နဝါရီ   ၂၆

864

   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်း များ၊ ပြည်သူလူထုများနှင့်တွေ့ဆုံပွဲကို ဇန်နဝါရီ(၂၆)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက အဖွင့်အမှာ စကားပြောကြားရာတွင် "၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဖြစ်မြောက်အောင် ဆောင်ရွက်ရန်နှင့် လွတ်လပ်ပြီး၊ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်အောင်ဆောင်ရွက်ရန်နှင့် ပါတီများအနေဖြင့် ပြည်သူလူထု များကို စည်းရုံးနိုင်ပြီး၊ ပြည်သူလူထုများအပေါ် မှန်မှန်ကန်ကန်လုပ်ကိုင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ အခြေခံဥပဒေ(၈)ခုဖြင့် အဓိကထား ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ဥပဒေနှင့် အညီ ရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်များ ဆောင်ရွက်သွားကြရန်" ပြောကြားသွား ကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးပွင့်မှ ရွေးကောက်ပွဲ ဆိုင်ရာများနှင့် ပတ်သက်၍ရှင်းလင်းပြီး၊ တက်ရောက်လာကြသော SNLD ပါတီမှ ဦးစိုင်းလင်းမြတ်၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဌ ခွန်မျိုးမြင့်ဦး၊ အင်းတိုင်းရင်းသားပါတီ ဦးဝင်းမြင့် တို့က ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြရာ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးမှ ပြန်လည်ဖြေကြားပြီး၊ နိဂုံးချုပ်အမှာစကား ပြောကြား သွားကြောင်း သိရသည်။

   ထို့နောက် တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုများ စုစုပေါင်းအင်အား(၄၇၃)ဦး တက်ရောက်ကြ ကြောင်း သိရှိရသည်။

                                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)