နမ့်ကွတ်(၂) အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

တောင်ကြီး   ဇန်နဝါရီ  ၂၇

865

   ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက် နယ်မြေ(၁)၊နမ့်ကွတ်(၂) အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် (၂၀၁၃-၂၀၁၄) ပညာသင်နှစ် ပညာရည်ချွန်ဆု ပေးပွဲကို ဇန်နဝါရီ(၂၇)ရက် နံနက်(၉)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

   အခြေခံပညာမူလတန်းကျောင်း ပေ(၁၂၀ X ၃၀)RC တစ်ထပ်ကျောင်းဆောင်သစ်အား ရှမ်းပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးချစ်ဆွေ၊ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်၊ ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်ကော်မတီတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပြီး၊ ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူတို့သည် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု ကြသည်။

   ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးချစ်ဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီးမှ (၂၀၁၃-၂၀၁၄)ပညာသင်နှစ် ပညာရည်ချွန်ဆုပေး ပွဲ ကျင်းပရခြင်းနှင့် ကျောင်းဆောင်သစ်ဖွင့်လှစ်ရခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးမှလွှဲပြောင်းပေးအပ် ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး၊ ဆရာမကြီးမှ ကျောင်းဆောင်သစ် အထိမ်းအမှတ်အလံများအား နေရာအရောက်လိုက်လံပေးအပ်ခဲ့ကြောင်းသိရသည်။

   ထို့နောက် ဒေသခံတစ်ဦး၏ကိုယ်စား ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်မှ ကျေးဇူးတင်စကားပြန်လည်းပြောကြားပြီး၊(၂၀၁၃-၂၀၁၄)ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ များကို ဆက်လက်ကျင်းပရာ (အငြိမ်းစား)ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းအုပ်ဆရာမကြီး နှင့်ဆရာ၊ ဆရာမများ၊ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်တို့မှ ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ဆုများနှင့်အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)