(၆၈)နှစ်မြောက်ရှမ်းပြည်နယ်နေ့ကျင်းပ

တောင်ကြီး ဖေဖေါ်ဝါရီ - ၇

876

   ၂၀၁၅ခုနှစ် (၆၈)နှစ်မြောက်ရှမ်းပြည်နယ်နေ့အခမ်းအနားကို ဖေဖေါ်ဝါရီလ (၇)ရက်၊ နံနက်(၉)နာရီ က တောင်ကြီးမြို့၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် နိုင်ငံတော်သမ္မတအဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့၊ အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဖတ်ကြားသည်။

   ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းထံမှ (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌဦးစိုင်းလုံးဆိုင်မှ ဖတ်ကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်ထံမှ (၆၈)နှစ်မြောက်၊ ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က ဖတ်ကြားကြောင်း သိရသည်။

877

   ထို့နောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံစွမ်းဆောင်ရည်ဆုရရှိသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဆုချီးမြှင့်ရာ ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့နယ်ဆု ပထမရရှိ သော တောင်ကြီးမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုထူးချွန်တောင်သူလယ်သမားဆုရရှိသော တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာမှ ဦးကျော်ဇော၊ မွေးမြူရေးထုတ်လုပ်မှုထူးချွန်လုပ်ငန်းရှင်ဆု ပထမရရှိသော တောင်ကြီးမြို့နယ်၊ နမ့်ကွတ်ကျေးရွာမှ ဒေါက်တာသိန်းစိန်၊ တန်းဖိုးမြှင့်ထုတ်ကုန်ထူးချွန်ထုတ်လုပ် ရောင်းချနိုင်သည့် Myanmar Belle co,ltd စီးပွားရေးလုပ်ငန်းရှင် စွမ်းဆောင်ရည်ဆုရရှိသော တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဝါးရုံပင်ကျေးရွာမှ ဦးရဲမြင့်မောင်၊ မြန်မာ့ရိုးရာ ကြေးသွန်းအနုပညာ ထူးချွန်ဂုဏ်ထူးဆောင်ရရှိသော တောင်ကြီးမြို့နယ်မှ ဦးဝင်မောင်အား၊ နိုင်ငံတောသမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAOမှ ချီးမြှင့်သည့် တောင်သူလယ်သမားထူးချွန်ဆုရရှိ သော လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာမှ ဒေါ်ရန်ကျောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAOမှ ချီးမြှင့်သည့် စပါးအထွက်နှုန်းအကောင်းဆုံးရရှိသော မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ နောင်လောင်းရွာမှ ဦးစိုင်းဆိုင်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ လယ်တောသူအလှမယ်ဆုရရှိသော တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ ရွှေရန်ပြေ ကျေးရွာမှ မကြည်ဝင်း၊ ပြည်နယ်အဆင့် စိုက်ပျိုးထုတ်လုပ်၊ လုပ်ငန်းရှင်ဆုရရှိသော တောင်ကြီးခရိုင်၊ ကလောမြို့နယ်မှ ဦးအောင်သန်းကျော်၊ ပြည်နယ်အဆင့် လူမှုထူးချွန်ဆုရရှိသော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၊ ပင်းတယမြို့နယ်မှ ဒေါက်တာသန်းမင်းထွဋ်၊ ပြည်နယ်အဆင့် ဖွံ့ဖြိုးတိုးတက်မှု ကျေးရွာဆုရရှိသော တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ လွယ်ယင်းမင်္ဂလာကျေးရွာ၊ ကျေးရွာအဆင့် မွေးမြူရေးထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုရရှိသော တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ နမ်းဟောင်လိတ်ကျေးရွာအုပ်စု၊ လွယ်စီတုံကျေးရွာမှ ဒေါ်နီနီစိုးတို့ကို ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ခဲ့ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့ သည် (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့တွင် ခင်းကျင်းပြသထားသောဌာနဆိုင်ရာ ပြခန်းများကို လှည့်လည် ကြည့်ရှုအားပေးကြကြောင်းသိရသည်။

878

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ တို့သည် (၆၈)နှစ်မြောက်၊ ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အဖြင့်၊ ဆရာတော်သံဃာတော်များအား ဆွမ်းဆက်ကပ်ခြင်းနှင့် ပရိတ်တရားတော်နားအလှူမင်္ဂလာသို့ တက်ရောက်ရာ ပထမဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး၊ နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာဂမဌာနစရိယ စွန်းလွန်းဂူကမ္မာဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်များရွတ်ပွား သရဇ္စျာယ် ချီးမြှင့်အပ်သော ပရိတ်တရားတော်မြတ်ကို နာယူကြသည်။

   ၎င်းနောက် ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး၊ နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတမဟာဂမဌာနစရိယ စွန်းလွန်းဂူကမ္မာဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာကြပြီး၊ ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်းသိရှိရသည်။

                                                                                 မောင်မောင်သန်း(တောင်ကြီး)