ပဉ္စမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့ကျင်းပ

ပင်းတယ   မတ်   ၃

930

   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား၊ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးတွင် ကျင်းပပြုလုပ်မည့် "ပဉ္စမအကြိမ်မြောက် ဓနုဆုံဆည်းရနေ့" ကို မတ်(၃)ရက် နံနက်(၉)နာရီက ရွှေဥမင်သဘာဝလိုဏ်ဂူ မုဒ်ဦးရှေ့ကွင်းပြင်၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့် အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်ထံမှ ပဉ္စမအကြိမ်မြောက် ဓနုတိုင်းရင်းသားများဆုံဆည်းရာနေ့သို့ ပေးပို့သော သဝဏ်လွှာအား ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကိုမှ ဖတ်ကြားသည်။

931

   ဆက်လက်၍ ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း ကိုယ်စားလှယ်တစ်ဦးမှ လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး၊ အလှူရှင်များမှ အလှူငွေများ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်မှ ဓနုဆုံဆည်းရာနေ့ ပွဲတော်အတွက် အလှူငွေကျပ် သိန်း(၃၀)ပေးအပ်ရာ  ပွဲတော်ကျင်းပရေးကော်မတီ ဦးချစ်စိန်က လက်ခံရယူ၍လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်မှ ပင်းတယ၊ ရွာငံ၊ ကလော ဓနုစာပေယဉ်ကျေးမှုအဖွဲ့သို့ အလှူငွေကျပ် (၁၀)သိန်းစီပေးအပ်၍လည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းမှ ရပ်စောက်၊ နောင်ချို၊ တောင်ကြီး ဓနုစာပေယဉ်ကျေးမှုအဖွဲ့သို့ အလှူငွေကျပ် (၁၀)သိန်းစီ ပေးအပ်၍လည်းကောင်း၊  ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်မှ ရန်ကုန်၊ ဟဲဟိုး၊ ဘော်ဆိုင်း ဓနုစာပေယဉ်ကျေးမှုအဖွဲ့သို့ အလှူငွေကျပ်(၅)သိန်းစီပေးအပ်၍လည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ ပင်းတယရှိ ပအိုဝ်း၊ တောင်ရိုး စာပေ ယဉ်ကျေးမှုအဖွဲ့သို့ အလှူငွေကျပ်(၁၀)သိန်းစီပေးအပ်၍လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီကော်မတီဝင် ဦးနန္ဒာလှမြင့်မှ ဓနုစာပေယဉ်ကျေးမှုဒေသဖွံ့ဖြိုးရေးအသင်းအား အလှူငွေကျပ်(၅)သိန်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကိုမှ ဓနုဆုံဆည်းရာနေ့ကျင်းပရေးကော်မတီသို့ အလှူငွေကျပ် (၁၀)သိန်း၊ ကိုးကန့်စာပေယဉ်ကျေးမှုအဖွဲ့မှ အလှူငွေကျပ်(၁)သိန်း၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှ အလှူငွေကျပ်(၁)သိန်း၊ တောင်ရိုးစာပေယဉ်ကျေးမှုအဖွဲ့မှ အလှူငွေကျပ်(၅)သောင်း၊ Future Moon Construation မှ အလှူငွေကျပ်(၅)သိန်း၊ ဓနု သော်တာကုမ္ပဏီမှ အလှူငွေကျပ်(၅)သိန်း၊ အသီးသီးပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သိရသည်။

   ထို့နောက် ဓနုဆုံဆည်းရာနေ့ သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ပဉ္စမအကြိမ်မြောက် ဓနု တိုင်းရင်းသားများ ဆုံဆည်းရာနေ့ အခမ်းအနားအား ရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား ဗုဒ္ဓပူဇနိယတပေါင်းပွဲ၊  မဟာမုနိဓမ္မာရုံတွင်း ဆွမ်းပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းပြီး၊ ရွာငယ်ကျောင်း ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောင်တည်ကြပြီး၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

   အဆိုပါ ပဉ္စမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနားတွင် ဒေသခံများနှင့် အနယ်နယ် အရပ်ရပ်မှ ဓနုတိုင်းရင်းသား/တိုင်းရင်းသူများသည် မွန်းလွဲ(၂)နာရီက မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။

                                                                                                                                                                                မောင်မောင်သန်း(တောင်ကြီး)