ညောင်ရွှေမြို့၌ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းလှုပ်ရှားမှု ဖွင့်ပွဲကျင်းပ

တောင်ကြီး ဧပြီ - ၁

973

   ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၏ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းလှုပ်ရှားမှုဖွင့်ပွဲ ကို ဧပြီ(၁)ရက်၊ နံနက်(၉)နာရီက ညောင်ရွှေမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

974

   အခမ်းအနားတွင် ရှမ်းပြည်နယ်စာတတ်မြောက်ရေးသင်တန်း ကြီးကြပ်မှုကော်မတီနာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ တောင်ကြီးတက္ကသိုလ် အရှေ့တိုင်းပညာဌာန တွဲဖက်ပါမောက္ခဒေါ်ကေသီကျော်က အမှာစကားပြောကြား၍ ရှမ်းပြည်နယ်ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး၊ ဦးချစ်ဆွေက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြောင်းသိရသည်။ 

   ဆက်လက်၍ တောင်ကြီးတက္ကသိုလ်မှ လုပ်အားပေးကျောင်းသူတစ်ဦးဖြစ်သော ရူပဗေဒဌာန၊ မဟာဝိဇ္ဇာပထမနှစ် ကျောင်းသူ မပွားပွားတိုးကတာဝန်လက်ခံစကားပြောကြား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ညောင်ရွှေမြို့နယ် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းလှုပ်ရှားမှုအတွက် လှူဒါန်းငွေကျပ်သိန်း(၃၀)အား ပြည်နယ်စီမံကိန်းနှင့် စီပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်မှ ပေးအပ်လှူဒါန်းရာ ညောင်ရွှေမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလှမှ လက်ခံရယူ ကြောင်းသိရသည်။

   အဆိုပါညောင်ရွှေမြို့နယ် စာတတ်မြောက်ရေးလုပ်ငန်းလှုပ်ရှားမှုဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကြီးတက္ကသိုလ်မှ တွဲဖက်ပါမောက္ခများ၊ အခြေခံစာတတ်မြောက်ရေး အတွက်ပို့ချပေးမည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံမိဘပြည်သူများ တက်ရောက်၍ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းလှုပ်ရှားမှုကို ဧပြီလ(၁)ရက်မှ မေ(၁၅)ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ညောင်ရွှေမြို့အဝင် ရွှေတိဂုံပုံတူ ဉာဏ်တော်အမြင့်(၁၀၈)ပေရှိ ရွှေဗောဓိမြို့ဦးစေတီတော် တည်ထားကိုးကွယ်မည့်နေရာနှင့် ညောင်ရွှေမြို့ အဝင် နိုင်ငံခြားသားများ၊ အင်းလေးဇုန်ဝင်ခွင့် တည်ဆောက်မည့် နေရာအဆောက်အဦသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရသည်။

                                                                             မောင်မောင်သန်း(တောင်ကြီး)