ရှမ်းပြည်နယ်ရှေ့နေများအသင်း၊ သင်းလုံးကျွတ်အစည်းအဝေးနှင့် အလုပ်အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်တင်မြောက်

တောင်ကြီး ဧပြီ - ၅

 991

   ရှမ်းပြည်နယ်ရှေ့နေများအသင်း၏ သင်းလုံးကျွတ်အစည်းအဝေးနှင့် အလုပ်အမှုဆောင်သစ်များ ပြန်လည်ရွေးချယ် တင်မြောက်ခြင်းအခမ်းအနားကို နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ဟုတ်ကြန့်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်ရှေ့နယ်အသင်းနာယက ဦးမျိုးမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ ဥပဒေပညာရှင်ဆိုသည်မှာ နိုင်ငံတိုင်းလိုအပ်နေကြောင်း မဏ္ဍိုင်ကြီး(၃)ရပ်ခိုင်မာဖို့လိုကြောင်း၊ မဏ္ဍိုင်ကြီး(၃)ရပ်တွင် (၁)ရပ်ပါဝင်နေကြောင်း၊ နိုင်ငံတော်အကျိုးဆောင်ရွက်ရာတွင် ဥပဒေပညာရှင်များဖြစ်သည့်အတွက် ဒေါသတရားများမရှိဖို့နှင့် ဒေါသထိန်းချုပ်ရန်လိုအပ်ကြောင်း ပြောကြားသွားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ရှမ်းပြည်နယ်ဥပဒေချုပ်ဦးမောင်မောင်က အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က အမှာစကားပြောကြားရာ ရှမ်းပြည်နယ်ရှေ့နေအသင်းကြီးသည် ဥပဒေနှင့်အညီ ဖွဲ့စည်းပြီး စည်းလုံးညီညွတ်အောင်မြင်စွာဖြင့် ခိုင်မာအားကောင်းသည့် အဖွဲ့အစည်းဖြင့် ရပ်တည်နိုင်ခဲ့၍ နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးကြီး ကျင်းပနိုင်မှုသည် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ဖြစ်ရပ်တစ်ခုဖြစ်ပါကြောင်း၊ ဘယ်လုပ်ငန်း၊ ဘယ်ကဏ္ဍမဆို အသင်းအဖွဲ့အစည်းနှင့် ဌာနများဖွဲ့စည်းပြီးမှ စနစ်တကျ ဦးဆောင်၊ ဆောင်ရွက်ဖို့ လိုအပ်သည့်အတွက် အသင်းအဖွဲ့အစည်းများ လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်ရဖို့လိုအပ်ပါကြောင်း၊ ဖွဲ့စည်းသည့် အဖွဲ့စနစ်ကလည်း၊ မိမိတို့အဖွဲ့အစည်းကို ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ မှန်မှန်ကန်ကန်ဖွံ့ဖြိုးတိုးတက် ခိုင်မာအောင် ဦးဆောင်ကြရမှာဖြစ်ပါကြောင်း၊ ဦးဆောင်သည့်နေရာတွင် အဖွဲ့အစည်းကို ဦးဆောင်သည့် ခေါင်းဆောင်တိုင်း သည် အရေးကြီးပြီး၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ မြင့်မားဖို့လိုသလို အရည်အချင်းပြည့်ဝဖို့လည်းလိုအပ်ပါကြောင်း၊ စိတ်ဓါတ်ကောင်းမွန်ပြီး အရည်အချင်းပြည့်ဝသည့် နောက်လိုက်ကောင်းတွေရရှိလာမှာဖြစ်ကြောင်း ပြောကြားသွားသည်။

   ထို့နောက် ရှမ်းပြည်နယ်ရှေ့နေများအသင်း(ယာယီ)ဥက္ကဌ၊ ဦးစိန်းဝင်းချမ်း ရှေ့နေအသင့်ဖြစ်ပေါ်လာအား တင်ပြပြီး၊ ရှမ်းပြည်နယ်ရှေ့နေများအသင်း(တောင်ကြီး)မှ လောက်ကိုင်ဒေသ တပ်မတော်သားများနှင့် စစ်ဘေးရှောင်ပြည်သူများအား အလှူငွေကျပ်(၁၀)သိန်းကို ရှမ်းပြည်နယ်ရှေ့နေများအသင်း ဦးစန်းအောင်မှ ပေးအပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးအရာရှိကြီး တစ်ဦးမှ လက်ခံရယူကြကြောင်းသိရသည်။

   ၎င်းနောက် အလုပ်အမှုဆောင်အဖွဲ့များရွေးချယ်ခြင်းအခမ်းအနား စတင်ကျင်းပရာ သဘာပတိများအဖြစ် ဦးမျိုးမြင့် တရားလွှတ်တော်ရှေ့နေ(တောင်ကြီး)၊ ဦးမြင့်ဆွေ တရားလွှတ်တော်ရှေ့နေ(လားရှိုး)၊ ဦးစိုင်းသောင်းအေး တရားလွှတ်တော် ရှေ့နေ (ကျိုင်းတုံး)တို့က နေရာယူကြပြီး၊ ရှမ်းပြည်နယ်ရှေ့နေများအသင်းဥက္ကဌ၊ ဦးစိန်းဝင်းချမ်းက အမှားစကားပြောကြား၍ တက်ရောက်လာသော အသင်းဝင်များမှ ရှမ်းပြည်နယ်ရှေ့နေများအသင်း အလုပ်အမှုဆောင်အဖွဲ့ကို အဆိုပြုရွေးချယ် တင်မြှောက်ခြင်း၊ ရွေးချယ်တင်မြှောက်ထားသော ရှမ်းပြည်နယ်ရှေ့နေများအသင်း အလုပ်အမှုဆောင်အဖွဲ့၏ အမည်စာရင်းကို ကြေညာခြင်း၊ ရွေးချယ်တင်မြှောက်ထားသော ရှမ်းပြည်နယ်ရှေ့နေများအသင်း အလုပ်အမှုဆောင်အဖွဲ့၏ ကော်မတီအလိုက် လုပ်ငန်းတာဝန်များခွဲဝေခြင်း၊ ရှမ်းပြည်နယ်ရှေ့နေများအသင်း၏ အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ခြင်းကို သဘာပတိထံ အတည်ပြုချက်တောင်းခံခြင်း၊ ရှမ်းပြည်နယ်ရှေ့နေများအသင်း၏ တောင်ကြီးခရိုင်အလုပ်အမှုဆောင်အဖွဲ့၏ အမည်စာရင်း ကြေညာခြင်း၊ အလုပ်အမှုဆောင်အဖွဲ့မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ရှမ်းပြည်နယ်ရှေ့နေများအသင်း၏ တောင်ကြီးခရိုင်၊ အလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဌမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                                   မောင်မောင်သန်း(တောင်ကြီး)