ရှမ်းပြည်နယ်သတင်းများ

တောင်ကြီးမြို့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းစွာစုပေါင်းဆန္ဒထုတ်ဖော်ပွဲပြုလုပ်

တောင်ကြီး ဧပြီ - ၆

988

   တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို အတည်ပြုလက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းအား ကြိုဆိုထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၌ ဧပြီ(၆)ရက် နံနက်(၉)နာရီက ခွင့်ပြုချက်ရယူပြီး ပြုလုပ်ခဲ့ကြောင်း သိရသည်။

   ဆန္ဒထုတ်ဖော်ပွဲတွင် "အပစ်အခတ်ရပ်စဲကြ၊ ပြည်သူ့ဆန္ဒ၊ အပစ်အခတ်အမြန်ရပ်စဲပေးပါ၊ ငြိမ်းချမ်းရေးကို လိုလားပါသည်၊ လူထုအားလုံးအေးချမ်းစွာနေလိုသည်၊ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးခြင်းအား ထောက်ခံပါသည်" စသည့် လက်ကိုင်ပိုစတာများ ကိုင်ဆောင်၍ "တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းမှုခိုင်မာရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံတော်၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်ရမည်" ကြွေးကြော်သံများဖြင့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။

   တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား ထောက်ခံဆန္ဒ ထုတ်ဖော်ပွဲသို့ တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်(၂၂)ရပ်ကွက်နှင့် ကျေးရွာများမှ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ ကိုးကန့်၊ တောင်ရိုး၊ တိုင်းရင်းသားပေါင်းစုံ အင်အား(၃၀၀၀၀)ခန့် ပါဝင်၍ စုရပ်ဖြစ်သည့် အ.ထ.က(၈)၊ အ.ထ.က(၄)၊ အ.ထ.က(၁)၊ ချမ်းသာရပ်ကွက်၊ EPC ရုံးရှေ့တို့တွင် စုရပ်များပြုလုပ်ကာ တောင်ကြီးမြို့၊ ပြည်နယ်အားကစား ဘောလုံးကွင်းသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ကြသည်။

   အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို "ငြိမ်းချမ်းရေးသည် ကျွန်တော်တို့ပြည်သူတွေ လိုလားအတောင်းတဆုံး သောအရာ၊ အလိုချင်ဆုံးသောဆန္ဒဖြစ်တာနှင့်အညီ၊ ယနေ့ကျွန်တော်တို့ရဲ့အကြီးမားဆုံးသော မျှော်လင့်ချက်သည် ရောင်ခြည်အလင်းတန်းများ၊ လင်းလက်တောက်ပလာပြီးဖြစ်ကြောင်း ပြည်သူတစ်ရပ်လုံး ငြိမ်းငြိမ်းချမ်းချမ်းနှင့် စိတ်ချမ်းမြေ့စွာ နေထိုင်နိုင်ဖို့၊ ကျန်းမာပျော်ရွှင်၊ ဖွံ့ဖြိုးတိုးတက်သည့်ဘဝများ ထာဝရပိုင်ဆိုင်ခံစားနိုင်ရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအတည်ပြု လက်မှတ်ရေးထိုးခြင်းကို တစ်ခဲနက်ထောက်ခံကြိုဆိုကြပါစို့လို့" ရှမ်းစာပေယဉ်ကျေးမှု အဖွဲ့မှ ဦးစိုင်းဆေဟန်က ပြောကြားသည်။

   မြန်မာနိုင်ငံသည် "တိုင်းရင်းသားပေါင်းစုံ အေးအတူပူအမျှ အတူတကွလက်တွဲပြီး၊ စုပေါင်းနေထိုင်ကြသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ကျွန်တော်တို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီး ကတည်းက ရောင်စုံသောင်းကျန်းသူများနှင့် ရင်ဆိုင်ခဲ့ရပြီး၊ စစ်ဘေးကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကြခဲ့ရပါကြောင်း၊ ယနေ့နိုင်ငံတော်မှ ရှေ့ဆက်လျှောက်လမ်းနေသည့် ခတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်နိုင်ငံလုံး တစ်စိတ်တည်းတစ်ဝမ်းတည်း ပူးပေါင်း လက်တွဲကာ အပစ်အခတ်ရပ်စဲရေးကို တစ်ခဲနက်ထောက်ခံကြိုဆိုကြပါစို့လို့" အင်းတိုင်းရင်းသား ဦးမျိုးနိုင်က ပြောကြားသည်။

   ဆက်လက်၍ ပအိုဝ်းတိုင်းရင်းသား ဦးခွန်မောင်မောင်ထွန်းက "နိုင်ငံတော်သမ္မတ ဦးဆောင်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သမိုင်းမော်ကွန်းတင် လက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုခဲ့ပြီး၊ ကြီးမားသောမျှော်လင့်ချက်များ ထားရှိ၍ ပြည်သူတစ်ရပ်လုံးအေးအေးချမ်းချမ်းနှင့် တရားဥပဒေစိုးမိုးမှု အောက်မှာ နေထိုင်ကြပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ်ကို ဆက်လက်လျှောက်လမ်းရာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဝိုင်းဝန်းထောက်ခံသောအားဖြင့် တောင်ကြီးမြို့နယ် တိုင်းရင်းသားညီအကိုမောင်နှမများ နှင့် လုပ်သားပြည်သူတစ်ရပ်လုံးမှ သောင်းသောင်းဖျဖျ ကြိုဆို၍ ကြွေးကြော်သံများနှင့် ရုပ်သိမ်းလိုက်ကြပါစို့လို့ ပြောကြားသွားကြောင်းသိရသည်။

   အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းကို အေးချမ်းစွာဖြင့် ပြုလုပ်ကြပြီး၊ နံနက်(၁၀)နာရီတွင် ပြီးစီသွားကြောင်းနှင့် ဆန္ဒထုတ်ဖော် တိုင်းရင်းသားပြည်သူများအား ရာစုသစ်လူမှုစောင့်ရှောင်ရေးနှင့် သွေးလှူရှင်အသင်းမှ ဖျော်ရည်နှင့် မုန့်များ ဝေငှပေးခဲ့ကြောင်းသိရှိရသည်။

                                                                                    မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 91 guests and no members online

Latest Updates