ရေရှားပါးသောဒေသများအား စက်ရေတွင်းများတူးဖော်လှူဒါန်းခြင်း၊ ရေကန်များဆောက်လုပ်လှူဒါန်းခြင်း၊ ရေပေးရေစီမံကိန်းများ ဆောင်ရွက်ခြင်းနှင့် ရေအောင်ပွဲ ရေစက်ချ အလှူတော်မင်္ဂလာ ကျင်းပ

တောင်ကြီး ဧပြီ - ၉

 998

   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုန်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အေးဝင်းနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဧပြီ(၉)ရက်၊ နံနက်(၉)နာရီခွဲက ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့၊ ရွှေမြစည်းကျောင်း၌ ကျင်းပသော ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဌ ဝဏ္ဏကျော်ထင် စည်သူ ဦးအောင်ကိုဝင်းနှင့် ဇနီး၊ ဒုတိယဥက္ကဌ သီဟသုဓမ္မသိင်္ဂီ၊ သီရိသုဓမ္မသိင်္ဂီ၊ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းသန်းထွေး လူမှုထူးချွန် ပထမဆင့် မိသားစုနှင့် ကမ္ဘောဇဘဏ်လီမိတက် အရာထမ်း၊ ဝန်ထမ်းများမှ ရှမ်းပြည်နယ်(တောင်ပိုင်း) ဘော်ဆိုင်း၊ ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ ပင်းတယ၊ တောင်ကြီး၊ ဟိုပုံး၊ နမ့်စန်၊ ရေရှားပါးသောဒေသများအား စက်ရေတွင်းများတူးဖော်လှူဒါန်းခြင်း၊ ရေကန်များဆောက်လုပ် လှူဒါန်းခြင်း၊ ရေပေးရေ စီမံကိန်းများ ဆောင်ရွက်ခြင်းနှင့် ရေအောင်ပွဲ ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကြကြောင်းသိရသည်။

   ပထမဦးစွာ အခမ်းအနားကို နမောတဿအစရှိသော ဗုဒ္ဓဝန္ဒနာဂါထာတော်ဖြင့်(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ကမ္ဘောဇကုမ္ပဏီများအုပ်စု ဦးကျော်ကျော်စိုးမှ စက်ရေတွင်းများတူးဖော် လှူဒါန်းရခြင်း သမိုင်းကြောင်းအား အကျဉ်းချုပ် ရှင်းလင်းလျှောက်ထားပြီး ဘော်ဆိုင်းမြို့၊ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းမှ သောက်သုံးရေရရှိခြင်းအတွက် ဝမ်းသာပိတိ စကားလျှောက်ထားသည်။

   ဆက်လက်၍ ဆရာတော်ဘုရားအား ကန်တော့်၍ ငါးပါသီလခံယူဆောက်တည်ကြပြီး၊ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျယ် ချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာယူကြကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဌ ဝဏ္ဏကျော်ထင် စည်သူ ဦးအောင်ကိုဝင်းနှင့် ဇနီး၊ ဒုတိယဥက္ကဌ သီဟသုဓမ္မသိင်္ဂီ၊ သီရိသုဓမ္မသိင်္ဂီ၊ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းသန်းထွေး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

   ထို့နောက် ဆရာတော်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာကြာပြီး၊ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး၊ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်းသိရှိရသည်။

   အဆိုပါအခမ်အနားသို့ ဒေသခံမိဘပြည်သူများ၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရသည်။

                                                                        မောင်မောင်သန်း(တောင်ကြီး)