သတင်းများ

ကျိုင်းတုံ၌ သမ္မတရုံးဝန်ကြီးများနှင့် တွေ့ဆုံပွဲပြုလုပ်

တောင်ကြီး    စက်တင်ဘာ   ၁၂

 

2

 

   ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းတို့နှင့် တွေ့ဆုံပွဲကို စက်တင်ဘာ လ (၁၁)ရက်နံနက်(၈)နာရီတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုကော်မတီများ၊ စည်ပင်သာယာရေးကော်မတီများ၊ အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်သမ္မတကြီး၏ တာဝန်ပေးချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ လိုအပ်ချက်များကို ညှိနှိုင်းရန်နှင့် ဌာနဆိုင်ရာများ ပြည်သူဝန်ဆောင်မှုပေးရမည့် အချက်များ လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

 

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း ကပြောကြားရာတွင် မကြာမီက ဖွဲ့စည်းခဲ့သော မြို့နယ်စီမံခန့်ခွဲမှု ကော်မတီများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုကော်မတီများ၊ စည်ပင်သာယာရေးကော်မတီများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သြဂုတ်လ(၉)ရက်နေ့ သမ္မတကြီးမိန့်ခွန်းတွင် ပါသော ကျန်လ(၃၀)၌ ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းများ သိရှိနိုင်ရန်နှင့် မြို့နယ်အဆင့်လိုအပ်ချက်များ၊ အခြေအနေများကို သိရှိနိုင်ရန်အတွက် မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

   ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက်လာသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရသည်။

 

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ဆက်လက် ကျင်းပ

တောင်ကြီး   စက်တင်ဘာ  ၁၂

 

1

 

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို စက်တင်ဘာလ(၁၂)ရက်၊ မွန်းလွဲ(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် (၁၂၈)ဦး တက်ရောက်ကြသည်။

 

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့် မေးခွန်း (၂၂)ခုအား ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြန်လည်ဖြေကြားကြပါသည်။

 

   ဆက်လက်၍ ယမန်နေ့က တင်သွင်းခဲ့သော ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းအား ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်မှ သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာပါသည်။

 

   ထို့နောက် ယမန်နေ့က တင်ပြခဲ့သော ကော်မရှင်နှင့် ကော်မတီ(၃)ရပ်တို့၏ တာဝန်၊ လုပ်ကိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းလျာထားချက်များနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ဥက္ကဌမှ ရှင်းလင်းတင်ပြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်မှ သဘောတူညီသည့်အတွက် ကော်မရှင်နှင့် ကော်မတီ(၃)ရပ်ကို ဖွဲ့စည်းရာတွင် အတည်ပြုကြောင်း လွှတ်တော်မှ ကြေညာပါသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပညာရေး၊ ကျန်းမာရေး၊ အားကစားဆိုင်ရာ လူမှုရေးကဏ္ဍများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက လွှတ်တော်သို့ ရှင်းလင်း တင်ပြပါသည်။

 

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို မွန်းလွဲ (၁၄:၄၅)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သိရှိရသည်။

 

ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(ပထမနေ့) ကျင်းပ

တောင်ကြီး  စက်တင်ဘာ  ၀၉

 

2

 

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(ပထမနေ့)ကို စက်တင်ဘာ(၉)ရက်၊ နံနက်(၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် (၁၃၄)ဦး တက်ရောက်ကြသည်။

 

   ပထမဦးစွာ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌက ကတိသစ္စာမပြုရသေးသော တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၈)ဦးတို့အား ကတိသစ္စာပြုခြင်း၊ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ကြပါသည်။

 

   ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော သဝဏ်လွှာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်မှ လွှတ်တော်သို့ မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့် မေးခွန်း (၁၅)ခုအား သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြန်လည် ဖြေကြားကြပါသည်။

 

   ဆက်လက်၍ ဝမ်းနည်းကြောင်း အဆိုတစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး ဥပဒေကြမ်းနှင့် သဘာဝမြေသြဇာများ စနစ်တကျ ထုတ်လုပ်သုံးစွဲရေး ဥပဒေကြမ်းတို့အား လွှတ်တော်သို့ တင်သွင်းခြင်း၊ ပုဂ္ဂလိကယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းများ ဆောင်ရွက်ပါသည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော စည်ပင်သာယာရေးဝန်ကြီးအား ခန့်အပ်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပြုပေးထားသည့် ပြည်နယ်ဝန်ကြီးအဖြစ် မိုင်းပျဉ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်း၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော် ဥက္ကဌမှ ပြည်နယ်လွှတ်တော်သို့ တင်ပြ၍ လွှတ်တော်၏ ဆန္ဒကို ရယူရာ လွှတ်တော်မှ သဘောတူသဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်တွင် လစ်လပ်လျက်ရှိသော စည်ပင်သာယာရေးဝန်ကြီး အဖြစ် မိုင်းပျဉ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းအား ခန့်အပ်ကြောင်း ကြေညာပါသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီမှ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး၊ အဆို(၂)ရပ်ကို လွှတ်တော်သို့ တင်သွင်းရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ထောက်ခံဆွေးနွေးပါသည်။ ယင်းအဆိုအား လက်ခံဆွေးနွေးရန် လွှတ်တော်၏ သဘောတူညီချက်ရယူရာ သဘောတူညီကြကြောင်းနှင့် ယင်းအဆိုအား ထောက်ခံဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းများအား လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။

 

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(ပထမနေ့) အစီအစဉ်ကို ညနေ(၁၅:၀၀)နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရပါသည်။

 

ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပ

တောင်ကြီး   စက်တင်ဘာ   ၁၁

 

1

 

   ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(တတိယနေ့)ကို စက်တင်ဘာလ (၁၁)ရက် နံနက်(၁၀၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်  ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ဒုတိယ ဥက္ကဌ နှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ(၁၃၀)ဦး တက်ရောက်ကြသည်။

 

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့် မေးခွန်း(၁၅)ခုအား သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ပြန်လည်ဖြေကြားကြပါသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၃-၂၀၁၄ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းအား လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

 

   ထို့နောက် ယမန်နေ့က တင်သွင်းခဲ့သော " ဥပဒေကြမ်း (၃)ရပ်" အနက် "ရှမ်းပြည်နယ်စည်ပင်သာယာရေး အဖွဲ့များ ဥပဒေကြမ်း" နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာ ကော်မတီမှ ပြင်ဆင်ဖြည့်စွက်ချက်(၂၂)ချက်အား ပြင်ဆင်ရန် အဆိုပြုချက်များအနက် ဥပဒေကြမ်းပါ အမှတ်စဉ်(၁၄) အပိုဒ်(ဂ)အား ဖြုတ်ရန် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးက လွှတ်တော်သို့ တင်ပြသဖြင့် ဥပဒေပြုရေးရာ ကော်မတီက သဘောတူသည့်အတွက် ဥပဒေ၏ အစိတ်အပိုင်း မဖြစ်ကြောင်း၊ ကျန်ပြင်ဆင်ဖြည့်စွက်ချက်(၂၁)ချက်နှင့် ကျန်ဥပဒေကြမ်း(၂)ရပ်လုံးအား ပြင်ဆင်ရန် အဆိုပြုချက်များအား သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများက သဘောတူညီသည့်အတွက် ဥပဒေ၏ အစိတ်အပိုင်းဖြစ်ကြောင်း ကြေညာပါသည်။

 

   ဆက်လက်၍ "ရှမ်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့များ ဥပဒေကြမ်း"တစ်ရပ်လုံးအနက် (၂၂)ချက်အား ပြင်ဆင်ရန် အဆိုပြုချက်များအနက် ဥပဒေကြမ်းပါ အမှတ်စဉ်(၁၄) အပိုဒ်(ဂ)အား ဖြုတ်ရန်နှင့် ကျန်ပြင်ဆင်ဖြည့်စွက်ချက်(၂၁)ချက်အား ပြင်ဆင်ရန် အဆိုပြုချက်အား အတည်ပြုပေးပါရန်နှင့် ကျန် ဥပဒေကြမ်း(၂)ရပ်လုံးအား ပြင်ဆင်ရန် အဆိုပြုချက်အား အတည်ပြုပေးပါရန် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက လွှတ်တော်သို့ တင်ပြရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုပါ ဥပဒေကြမ်းများအား ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်က သဘောတူကြောင်း ကြေညာပါသည်။

 

   ထို့နောက် ယမန်နေ့က ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့သော အဆို(၂)ရပ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်သို့ အဆုံးအဖြတ်ရယူရာ အဆိုတစ်ရပ်အား မှတ်တမ်းတင်ရန် အတည်ပြုကြောင်းနှင့် အဆိုတစ်ရပ်အား အတည်ပြုကြောင်း ကြေညာပါသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အစိုးရသစ်လက်ထက် ရှမ်းပြည်နယ်အတွင်းရှိ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးနှိမ်နင်းရေး ဆောင်ရွက်မှု အခြေအနေတို့အား သက်ဆိုင်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များက လွှတ်တော်သို့ အသီးသီး ရှင်းလင်းတင်ပြကြပါသည်။

 

   ထို့နောက် ပြည်နယ်လွှတ်တော် ဥက္ကဌက ပြည်နယ်လွှတ်တော်တွင် နောက်ထပ် ဖွဲ့စည်းမည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၊ တိုင်တန်းစာ စိစစ်ရေးကော်မတီနှင့် ဘတ်ဂျက်စိစစ်ရေးကော်မတီတို့တွင် ထည့်သွင်းဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ ကော်မရှင်/ကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတို့၏ အမည်စာရင်းတို့ကို ပြည်နယ်လွှတ်တော်သို့ တင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူး ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပြီး ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး တတိယနေ့ ကို ညနေ့(၁၅၀၀)နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။

 

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံပွဲ ကျင်းပ

တောင်ကြီး  စက်တင်ဘာ  ၀၃

 

1

 

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို စက်တင်ဘာ(၃)ရက်၊ မွန်းလွဲ(၁)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ လွှတ်တော်ကော်မတီ ဥက္ကဌများဖြစ်ကြသော ဦးမောင်မောင်သိန်း၊ ဦးသိန်းဇော်၊ ဦးမောင်မောင်ဆွေ၊ ဦးစိုးနိုင်၊ ဦးအောင်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား (၇၅၀)ခန့် တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အဖွင့်အမှာစကား ပြောကြားရာ ကျိုင်းတုံဒေသရှိ ပြည်သူများ၏ အသံ၊ ပြည်သူများ၏ ဆန္ဒ၊ ပြည်သူများ၏ လိုအပ်ချက်များကို ပြောကြားပေးစေလိုကြောင်း၊ ယခု ဆောင်ရွက်နိုင်မည့် ကိစ္စများကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး ချက်ခြင်း မဆောင်ရွက်နိုင်သေးသော ကိစ္စများကို လွှတ်တော်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံအရ ၂၀၁၀ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲပြုလုပ်ပြီး ၂၀၁၁မှာ လွှတ်တော်များ ပေါ်ပေါက်ခဲ့ကြောင်း၊ အဲဒီနောက် လွှတ်တော်များက ရွေးချယ်ပေးသော ပြည်သူ့အစိုးရနှင့် တရားစီရင်ရေးမဏ္ဍိုင်ပေါ်ပေါက်ခဲ့ကြောင်း၊ ၂၀၀၈ အခြေခံဥပဒေက ပြဌာန်းချက်အရ ပါတီစုံဒီမိုကရေစီစနစ်နှင့် စျေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ကျင့်သုံးခဲ့ကြောင်းနှင့် လွှတ်တော်၏ ဆောင်ရွက်ရသော ကိစ္စများကို ရှင်းလင်းပြောကြားသည်။ 

 

   ထို့နောက် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးတင်မောင်ဆွေက နယ်မြေဒေသဆိုင်ရာ အချက်အလက်များကို တင်ပြသည်။ ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်ချက်များကို ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက ဒေသလိုအပ်ချက်များကို တင်ပြကြပြီး၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ရေဘေးသင့်ပြည်သူများအတွက် ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးစိုးနိုင်က ငွေကျပ်သိန်း(၅၀)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)လူမှုကူညီစောင့်ရှောက်မှုအသင်းသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ငွေကျပ်သိန်း(၁၀၀)တို့ ပေးအပ်လှူဒါန်းကာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌက နိဂုံးချုပ် အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

 

   ထို့အပြင် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌသည် နံနက်ပိုင်းတွင် UWSA "ဝ"အထူးဒေသ(၂)အဖွဲ့မှ ဦးအိုက်လွန်း ဦးစီးသော ငြိမ်းချမ်းရေးအဖွဲ့အား လည်းကောင်း၊ ညနေပိုင်းတွင် အထူးဒေသ(၄)မှ ဦးစိုင်းလင်း ဦးစီးသော ငြိမ်းချမ်းရေးအဖွဲ့အား လည်းကောင်း ကျိုင်းတုံမြို့၊ ရွှေတြိဂံရိပ်သာ၌ တွေ့ဆုံခဲ့သည်။

 

နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပ

တောင်ကြီး  စက်တင်ဘာ  ၁၀ 

 

2

 

   နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကို စက်တင်ဘာ(၁၀)ရက်၊ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတရုံး၊ ဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဝန်ကြီးဌာန(၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီးများက အမှာစကား အသီးသီး ပြောကြားပြီး အခမ်းအနား တက်ရောက်လာသည့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့် အပြန်အလှန် ဆွေးနွေး မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

 

   ထို့နောက် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီးများက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြသည်။

 

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း တောင်ကြီးမြို့၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

တောင်ကြီး  စက်တင်ဘာ  ၀၂

 

20130903

 

   ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းသည် စက်တင်ဘာ(၂)ရက်၊ နေ့လည်(၁၂)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

 

   တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော် နာယက က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ရှမ်းပြည်နယ်၏ ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

   ထို့နောက် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်က ပြည်နယ်လွှတ်တော်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက အထွေထွေ ကိစ္စရပ်များကို တင်ပြကြသည်။

 

   ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်မှုဆောင် ရှမ်းပြည်နယ်တာဝန်ခံ ဦးအောင်ထွန်းက မိဘမဲ့ဂေဟာများနှင့် လူမှုရေးအသင်းအဖွဲ့များအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြသည်။

 

   ၎င်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ဒုတိယဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊  ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီများနှင့်  ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

   တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်လွှတ်တော် အဆောက်အဦအား သွားရောက်လေ့လာကြည့်ရှုခဲ့သည်။

 

ရှမ်းပြည်နယ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပ

တောင်ကြီး  စက်တင်ဘာ  ၀၈

 

3

 

   ၂၀၁၃-ခုနှစ်၊ ရှမ်းပြည်နယ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာ(၈)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင့်မိုရ်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက "ဒို့အင်ဒို့အား" သီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။

 

   ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားပြီး၊ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေက ဖတ်ကြားသည်။

 

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးတို့က ၂၀၁၃-ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပိုစတာပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက "လူတိုင်းအတွက် ပညာရေး" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

   ၎င်းနောက် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက "ဇာတိမာန်" သီချင်းကို သီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ပြည်နယ်လူမှုရေးဝန်ကြီး၊ လားရှိုးပညာရေးကောလိပ်နှင့် လားရှိုးတက္ကသိုလ်များသို့ ကွင်းဆင်းစစ်ဆေး

တောင်ကြီး  စက်တင်ဘာ  ၀၂

 

1

 

   ပညာရေးဝန်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ လားရှိုးပညာရေးကောလိပ်အသစ်(တစ်)ကျောင်းအား ၂၀၁၃-ခုနှစ်၊ ဒီဇင်ဘာလတွင် သင်တန်းသား/သူ (၂၀၀)ဦးဖြင့် စတင်ဖွင့်လှစ် သင်ကြားနိုင်ရေး လျာထားသတ်မှတ် ဆောင်ရွက်လျက်ရှိရာတွင် လားရှိုးပညာရေးကောလိပ် အချိန်မှီ ဖွင့်လှစ်နိုင်ပါရန် အဆောက်အဦများ ကြိုတင်ပြင်ဆင် ဆောက်လုပ်လျက်ရှိသည့် အခြေအနေများကို (၂၈-၈-၂၀၁၃)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ လားရှိုးမဲဆန္ဒနယ် အမှတ်(၁)မှ ဦးစိုင်းကြူနှင့် အတူ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။

 

   ဆက်လက်ပြီး ကျောင်းအုပ်ကြီး ဦးစိုးသိန်းနှင့် အတူ ဝန်ကြီးဌာနမှ အိတ်ဖွင့်တင်ဒါ အောင်မြင်ခဲ့သည့် ကုမ္ပဏီ (၆)ခုမှ တာဝန်ရှိသူများက ဆောက်လုပ်လျက်ရှိသည့် အဆောက်အဦ အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းမှ သတ်မှတ်အရည်အသွေး ပြည့်မှီရေးကို အလေးထားဦးစားပေး ဆောက်လုပ်သွားကြရန် မှာကြားခဲ့သည်။

 

   ထို့နောက် လားရှိုးတက္ကသိုလ်၌ ပညာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ကုမ္ပဏီ (၂)ခုမှ ဆောက်လုပ်လျက်ရှိသော (၃)ထပ်စာသင်ဆောင် (၂)လုံး (၁၉၂' × ၃၈') သံကူကွန်ကရစ် (ရေမီး အပါအဝင်)တို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပ

တောင်ကြီး  စက်တင်ဘာ  ၁၀

 

1

 

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို စက်တင်ဘာလ(၁၀)ရက်၊ မွန်းလွဲ(၁၃:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် (၁၃၂)ဦး တက်ရောက်ကြသည်။

 

   ပထမဦးစွာ အစည်းအဝေး ပထမနေ့တွင် တင်သွင်းခဲ့သော "ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပုဂ္ဂလိကယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေကြမ်း"နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ပြင်ဆင်ဖြည့်စွက်ချက်များအား ပြင်ဆင်ရန် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးက သဘောတူညီသည့်အတွက် ဥပဒေ၏ အစိတ်အပိုင်းဖြစ်ကြောင်း ကြေညာပါသည်။

 

   ထို့နောက် "ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပုဂ္ဂလိကယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေကြမ်း" တစ်ရပ်လုံးအား အတည်ပြုပေးပါရန် ပြည်နယ်ဝန်ကြီးက လွှတ်တော်သို့ တင်ပြရာ လွှတ်တော်က သဘောတူညီသည့်အတွက် အဆိုပါ ဥပဒေကြမ်းအား ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်က သဘောတူကြောင်း ကြေညာပါသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရှမ်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့များ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏သဘာဝမြေသြဇာများ စနစ်တကျ ထုတ်လုပ်သုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာတို့အား လွှတ်တော်သို့ အသီးသီး ဖတ်ကြားရှင်းလင်း တင်ပြကြပါသည်။

 

   ဆက်လက်၍ အစည်းအဝေး ပထမနေ့က ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့သော အဆို(၂)ရပ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်သို့ အဆုံးအဖြတ်ရယူရာ အဆိုတစ်ရပ်အား စာသားပြောင်းလဲရန် အတည်ပြုကြောင်းနှင့် အဆိုတစ်ရပ်အား အတည်ပြုကြောင်း ကြေညာပါသည်။

 

   ထို့နောက် အဆို(၂)ရပ်အား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ တင်သွင်းရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ထောက်ခံဆွေးနွေးပါသည်။ ယင်းအဆိုအား လက်ခံဆွေးနွေးရန် လွှတ်တော်၏ သဘောတူညီချက်ရယူရာ သဘောတူညီကြကြောင်းနှင့် ယင်းအဆိုအား ထောက်ခံဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၃-၂၀၁၄ ပြည်ထောင်စု၊ ပြည်နယ်ဘဏ္ဍာငွေ အစီအစဉ်ဖြင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဆောင်ရွက်မည့် လမ်းတံတားလုပ်ငန်းများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သစ်တောကဏ္ဍ လုပ်ငန်းဆောင်ရွက်မှုတို့အား သက်ဆိုင်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များက လွှတ်တော်သို့ အသီးသီး ရှင်းလင်းတင်ကြပြီး ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(ဒုတိယနေ့) အစီအစဉ်ကို ညနေ(၁၆:၀၀)နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တရုတ်နိုင်ငံ Hanergy Holding Group မှ Ms. Zhu Junfeng ( Senior Vice President ) ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

တောင်ကြီး  သြဂုတ်  ၃၀

 

1

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် သြဂုတ်(၃၀)ရက်၊ နေ့လည်(၁)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌  တရုတ်နိုင်ငံ Hangery Holding Group  မှ Ms. Zhu Junfeng ( Senior Vice President )  ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။

 

ထိုသို့ လက်ခံတွေ့ဆုံရာတွင် Hangery Holding Group မှ တည်ဆောက်မည့် အထက်သံလွင်၊ ကွမ်းလုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းတင်ပြပြီး စီမံကိန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ Hangery Holding Group မှ Ms. Zhu Junfeng ဦးဆောင်သော အဖွဲ့ဝင်များ၊ Asia World Co.Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

More Articles...

  1. ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သိန္နီမြို့၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်
  2. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖြည့်ဆည်းဆောင်ရွက်
  3. CLMV လေးနိုင်ငံ ယဉ်ကျေးမှုပွဲတော် (The Performing Arts Festival of the 4 Countries in Vietnam) မြန်မာနိုင်ငံကိုယ်စားပြု ရှမ်းပြည်နယ်ယဉ်ကျေးမှုအဖွဲ့ ရွှေ - ၂ ဆု၊ ငွေ - ၂ ဆု ရရှိ
  4. ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ
  5. မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့ပြစီမံကိန်းများ (Town Development Plan)ကို စနစ်တကျ ရေးဆွဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
  6. တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ရောင်းချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
  7. ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် ပြည်သူလူထုများ တွေ့ဆုံပွဲကျင်းပ
  8. " အင်းလေးဟိုတယ်ဇုန်စီမံကိန်းရှိ လျော်ကြေးငွေမယူသော မြေမှ လယ်သမားများအား စခန်းမှူးမှ ရိုက်နှက်ခြင်း " ခေါင်းစဉ်ဖြင့် အင်တာနက်သတင်း ဖော်ပြခြင်းသည် မဟုတ်မှန်ကြောင်း စစ်ဆေးတွေ့ရှိရ
  9. ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု
  10. ၂၀၁၃-ခုနှစ်၊ တောင်ကြီးဇုန်တက္ကသိုလ်များ(အမျိုးသား)ဘော်လီဘောပြိုင်ပွဲ ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 82 guests and no members online