ရှမ်းပြည်နယ်သတင်းများ

ဒုတိယအကြိမ်ဓနု အမျိုးသားနေ့ နောင်ချိုမြို့၌ကျင်းပ

နောင်ချို ဒီဇင်ဘာ-၄

288

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ဒီဇင်ဘာ(၄)ရက် နံနက်(၉)နာရီက နောင်ချိုမြို့နယ် အားကစားကွင်း၌ ဒုတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့ကျင်းပသည်။

 အခမ်းအနားတွင် ကြိုဆိုပါတယ်ဓနုမြေ သီချင်းဖြင့်ကပြဖျော်ဖြေ၍ သဝဏ်လွှာများဖတ်ကြားကြပြီး၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အမှာစကားပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဓနုလူမျိုးတို့သည် ရှမ်းပြည်နယ်နှင့် မြန်မာပြည်မကြီးအကြား ဒေသများတွင်အများဆုံးနေထိုင်ပြီး၊ မန္တလေးတိုင်းအတွင်းရှိမြို့များ၊ ကျောက်နီတွင်းဒေသ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ရှမ်းပြည်နယ်ရှိမိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ ရပ်စောက်၊  ပင်းတယ၊ ပွေးလှ၊ ရွာငံ၊ အောင်ပန်း၊ ပင်မှီ၊ ဘော်နင်း၊ သာမိုင်းခမ်း၊ ကလော၊ တောင်ကြီး၊ ညောင်ရွှေ၊ ဟဲ ဟိုး၊ လုံးပိုး၊ တီကျစ်၊ ပင်လောင်းမှစ၍ ပျဉ်းမနားအရှေ့ဘက် ပေါင်းလောင်းမြစ်ရိုးတစ်လျှောက်အထိ ရှည်လျားသော ရှမ်းကုန်းပြင်မြင့် အနောက်ဘက် တောင်တန်းကြားကွင်းပြင်များ၌ အနှံ့အပြားနေထိုင်လျှက်ရှိကြောင်း လေ့လာ တွေ့ရှိရပြီး၊ ၂၀၁၂ခု နှစ်သန်းခေါင်စာရင်းအရ ရှမ်းပြည်နယ်တွင်နေထိုင်သည့် လူမျိုးမှတ်တမ်းတွင် နေထိုင်မှု အများဆုံး  ရှမ်း၊ ဒုတိယ ပအိုဝ်း၊ တတိယ ဗမာ၊ စတုတ္ထ ဓနုဖြစ်ပြီး၊ မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများအနက် ဓနုတိုင်းရင်းသားလူမျိုးများသည် လူဦးရေအများဆုံး အမှတ်စဉ်(၁၀)တွင်တည်ရှိသဖြင့် လူမျိုးကြီးစားရင်းတွင် ပါဝင်ကြောင်း၊ ဓနုတိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံအတွင်း ရှေးဘိုးဘွားဘီဘင် လက်ထက်ကတည်းက နေထိုင်သည့် မူရင်းဒေသဇာတိချက်ကြွေ မွေးရပ်မြေရှိသည့် လူမျိုးဖြစ်ပြီး၊ နီးစပ်ရာလူမျိုးတို့၏ ဘာသာစကား မဟုတ်ဘဲကိုယ်ပိုင်ဘာသာစကားရှိသည့် ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးတမ်းရှိ လူမျိုးဖြစ်သည်ကို တွေ့ရှိပါကြောင်း၊ ဓနုအမျိုးသားနေ့အခမ်းအနားကို ဓနုတိုင်းရင်းသားပျံ့နှံ့နေထိုင်သည့်မြို့များတွင် အလှည့်ကျကျင်းပ၍ ပထမအကြိမ် ရွာငံမြို့တွင်ကျင်းပပြီး၊ ဒုတိယအကြိမ်အဖြစ် ယနေ့နောင်ချိုမြို့နယ်တွင် ကျင်းပနိုင်ခဲ့သည့်အတွက် ဓနုတိုင်းရင်းသားများကိုယ်စား ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းပြောကြားသွားသည်။

 ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောအလှူငွေကျပ်သိန်း(၅၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပေးအပ်ရာတာဝန်ရှိသူတစ်ဦးမှလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ငွေရည်ပုလဲဘိလပ်မြေစက်ရုံ ကွင်းဆင်းကြည့်ရှု

နောင်ချို ဒီဇင်ဘာ   -   ၃

287

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် လုံရုံးကျေးရွာအုပ်စု လောက်ဖန်းကျေးရွာရှိ ငွေရည်ပုလဲ ဘိလပ်မြေကုမ္ပဏီစက်ရုံသို့ ဒီဇင်ဘာ(၃)ရက် မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ကွင်းဆင်း ကြည့်ရှုကြကြောင်း သိရသည်။

ငွေရည်ပုလဲဘိလပ်မြေကုမ္ပဏီဒါရိုက်တာဦးစိန်မျိုးအောင်က ဘိလပ်မြေထုတ်လုပ်မှုနှင့်ပတ်သက်၍ရှင်းလင်းရာ ဒေသခံ ပြည်သူများအတွက် အကျိုးပြုလုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေးလမ်းတံတားအလှူအဒါန်းကိစ္စရပ်များရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘိလပ်မြေထုတ်လုပ်ထိန်းချုပ်မှုခန်းမ ကျောက်မီးသွေးစက်ရုံမှ ထွက်ရှိလာသော လျှပ်စစ်ဓါတ်အားဖြန့်ဝေပေးသည့် လျှပ်စစ်ဓါတ်အားထိန်းချုပ်မှုအခန်းနှင့် သကြားစက်ရုံတန်ချိန် (၁၂၀၀၀)ကြိတ်ဝါးမည့် အမှတ်(၃) သကြားစက်တည်ဆောက်မည့်နေရာသို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းကြောင်းသိရသည်။

အဆိုပါ ငွေရည်ပုလဲဘိလပ်မြေကုမ္ပဏီမှ (၁)ရက်ဘိလပ်မြေမှာ တန်ချိန်(၁၀၀၀)+(၄၀၀၀)ကျCrownဘိလပ်မြေတံဆိပ်ဖြင့် (၄၂.၅)နှင့်(၅၂.၅)နှစ်မျိုး ထုတ်လုပ်လျက်ရှိပြီး ကျောက်မီးသွေးသုံးဘွိုင်လာတာဘိုင်ဖြင့် လျှပ်စစ်(60-MWD)ထုတ်လုပ်ပေး၍ အနီးရှိရွာများကို လျှစ်စစ်ဓါတ်အား ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09 250132943

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တရုတ်သံရုံးမှ စီးပွားရေးသံမှူးMr. Tan Shufu အဖွဲ့နှင့်လက်ခံတွေ့ဆုံ

တောင်ကြီး        နိုဝင်ဘာ    - ၂၈

282
    ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်တို့နှင့်အတူ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး ပြည်နယ်ဝန်ကြီးချုပ် Call ခန်းမတွင် တရုတ်သံရုံးမှ စီးပွားရေးသံမှူးMr. Tan Shufu ဦးဆောင်သောအဖွဲ့နှင့် လက်ခံတွေ့ဆုံကြောင်းသိရသည်။
    ထိုသို့တွေ့ဆုံရာတွင် Mr. Tan Shufu မှ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့တက်ရောက်ခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမို လုပ်ဆောင်နိုင်စေရန် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ယခုလိုရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လက်ခံတွေ့ဆုံပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်နယ်စပ်ဒေသတွင် ကုမ္ပဏီအဖွဲ့ကောင်းများ တွေ့ရှိရပြီး စိတ်ဝင်စားမှုရှိပါက အသေးစိတ်ဆွေးနွေးလိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၀) ခုရှိ မြို့နယ် (၃၃) မြို့နယ်တွင် စိုက်ပျိုးရေးနှင့် ပတ်သက်၍ ဝန်ဆောင်မှုများပေးကြောင်း၊ ဆန်ကို တိုက်ရိုက်ကြိတ်ခွဲထုတ်လုပ်မှုကို အဓိက ဆောင်ရွက်ပေးကြောင်း၊ ရှမ်းပြည်နယ်တွင် စံပြစိုက်ကွင်း စိုက်ပျိုးရန်ရှိပါကြောင်းနှင့် တောင်သူများတုံ့ပြန်မှုရရှိနိုင်ရန် စံပြစိုက်ကွင်းပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယခုလိုစံပြ စိုက်ပျိုးရခြင်းမှာ နည်းပညာများ၊ မျိုးစေ့များပေးပြီး တောင်သူများလည်းဝင်ငွေတိုးကာ ထွက်ရှိလာသည့် ကုန်ပစ္စည်းများကို မိမိတို့ဘက်မှ အကုန်ယူပေးသွားမည်ဖြစ်ကြောင်း၊ အဓိကပိုးမွေးမြူရေးအိမ်ဆောင်ရွက်လိုကြောင်း၊ ပိုးအိမ်ပျိုးနိုင်ရန် မြေဧကများလိုအပ်ပါကြောင်း၊ မျိုးပေးမည်၊ ပျိုးပေးမည်၊ နည်းပညာများလည်းဆောင်ရွက်ပေးရန်ဖြစ်ကြောင်းနှင့် ထွက်ရှိ လာသည့် ပိုးကုန်ပစ္စည်းများကို ဝယ်ယူပေးသွားမည်ဖြစ်ကြောင်းနှင့် စက်ရုံတည်ထောင်နိုင်ရန် ရေနှင့်လျှပ်စစ်မီးရရှိနိုင်ရန် လိုအပ်ကြောင်းပြောကြားသွားသည်။
    ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် လာရောက်တွေ့ဆုံသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့်လည်း ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ တက်ရောက်ခဲ့ပါကြောင်း နှစ်နိုင်ငံကုန်သွယ်စီးပွားရေးလုပ်ငန်းများကို ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ ရှင်းလင်း သွားမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သဖြင့် မိမိတို့မှာ ဖွံ့ဖြိုးမှုနောက်ကျနေသေးသောကြောင့် တရုတ်နိုင်ငံကို အမီလိုက်နိုင်အောင်ကြိုးစားနေပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများ လမ်းညွှန်ချက်နှင့်အညီ ပြည်သူလူထု အတွက်ဘေးရန်ကင်းသော အစားအစာဖြစ်ရန်လိုအပ်ကြောင်း၊ စပါး၊ ပဲပုပ်၊ ကော်ဖီ စသည့် အသင်းအဖွဲ့ဝင်များနှင့် ချိတ်ဆက် ပေးမည်ဖြစ်ပြီး၊ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တောင်သူနှင့်ယုံကြည်မှုရရှိမည်ဖြစ်ကြောင်း၊ ယခုလိုလာရောက် ကမ်းလှမ်းသည့်အတွက် ဝမ်းသာပါကြောင်းနှင့် တောင်သူများအဆင်ပြေစေရန်လိုအပ်ကြောင်း၊ ဖြစ်မြောက်အောင်ကြိုးစား ပေးမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
မောင်မောင်သန်း(တောင်ကြီး)

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျင်းပ

တောင်ကြီး ဒီဇင်ဘာ   -   ၂

286

မြန်မာနိုင်ငံအနေဖြင့် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးသွားသူများကို အမှတ်ရစေရန် ကျန်းမာရေး ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အိပ်ချ်အိုင်ဗွီပိုးရှိသူများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွသောစိတ်ဓါတ်များနှင့် ပူးပေါင်းပါဝင်ပြီး ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်ဆိုသည့် ရည်ရွယ်ချက် များဖြင့် ၂၀၁၉ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကို ဒီဇင်ဘာ(၁)ရက် နံနက်(၉)နာရီ ကတောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကမ္ဘာခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက် ရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “Communities make the difference” “အေအိုင်ဒီအက်စ်ရောဂါ ကင်းဝေးရေးလူထု အားလုံးပါဝင်ပေး” နှင့်အညီ အိပ်ချ်အိုင်ဗွီကူးစက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများတွင် သက်တူရွယ်တူ ကျန်းမာစောင့်ရှောက်မှုပေးသူများ၊ ကွန်ယက်အဖွဲ့များ၊ ဦးတည်အုပ်စုဝင်များ၊ အမျိုးသမီး၊ လူငယ်၊ လူထုကျန်းမာရေးလုပ်သား များ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ အိပ်ချ်အိုင်ဗွီအရေးတက်ကြွလှုပ်ရှားသူများအစရှိသော လူထုအားလုံးပါဝင်ပြီး လူတိုင်း အတွက် စံချိန်စံညွှန်းကိုက်ညီသော အရည်အသွေးမီ ကျန်းမာရေးဝန်ဆောင်မှုများကို ရရှိခံစားစေရန်နှင့် အိပ်ချ်အိုင်ဗွီကူးစက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က အမျိုးသားခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်ဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းယုအောင်က ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းဆောင်ရွက် ခဲ့သော ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်လုပ်ငန်းများအား ရှင်းလင်းတင်ပြကာ ခန်းမအပြင်ဘက်တွင် ပြသထား သောပြခန်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများအား ရှင်းလင်းလိုက်လံ ပြသကြည့်ရှုကြကြောင်း သိရရှိသည်။

မောင်မောင်သန်း(တောင်ကြီး)

09 250132943

 

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျင်းပ

တောင်ကြီး    နိုဝင်ဘာ   -   ၃၀

285
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူ များကအပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာတွန်းပန်းချီယှဉ်ပြိုင်နေကြ သောအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည့် ကျောင်းသား/ သူများအား ကြည့်ရှူအားပေးကြသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာတွန်းပန်းချီပြိုင်ပွဲ အထက်တန်းအဆင့်တွင်(၄၁)ဦး၊ အလယ်တန်းအဆင့်တွင်(၄၀)ဦး၊ မူလတန်းအဆင့်တွင်(၃၂)ဦး၊ စုစုပေါင်း(၁၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၌ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သရုပ်ဖော်တင်ဆက် ကြသည့် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်များဖြစ်ကြသော အလက(၁၄)၊ အထက(၅)၊ အထက(၁)၊ အထက(၄) နှင့်မဟော်သဓာအကယ်ဒမီ(ကိုယ်ပိုင်အထက)ကျောင်းမှ ကျောင်းသား/သူများက ကဗျာနှင့်တေးသရုပ်ဖော်ပြိုင်ပွဲ တွင် “မောင်တို့မယ်တို့သာယာရေး”ခေါင်းစဉ်နှင့် “ဤလေးဖြာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဖျော်ဖြေတင်ဆက်ကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09 250132943

ရှမ်းပြည်နယ်တွင်ငွေလုံးငွေရင်းရန်ပုံငွေ ဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများအတွက် တင်ဒါဖွင့်လှစ်

တောင်ကြီး နိုဝင်ဘာ - ၂၇

281

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ပြည်နယ်/ပြည်ထောင်စု ဘတ်ဂျက်ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများ၊ Openနှင့် Local Tender ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီခွဲ က တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးဝန်းရှိ လေ့ကျင့်ရေး သုံးထပ်ဆောင်ခန်းမ၌ကျင်းပခဲ့ကြောင်းသိ ရသည်။

အခမ်းအနားသို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အားကစား နှင့်ကာယပညာ ဦးစီးဌာနညွန်ကြားရေးမှူး ဦးကျော်ကျော်သိန်း နှင့်ပြည်နယ်အဆင့်သက်ဆိုင်ရာဌာန များမှ တင်ဒါ စီစစ်ရေးကော်အတီအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်များအားကစားနှင့် ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ တင်ဒါ တင်သွင်းထားသည့် ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ကြပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်ပြည်နယ်/ပြည်ထောင်စုဘက်ဂျက် ငွေလုံးငွေ ရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်း ဆိုင်ရာများနှင့်တင်ဒါစည်းကမ်းချက်များ ကိုရှင်းလင်းပြောကြားသည်။ 

ထို့နောက် သေနတ်ပစ်ကွင်းများ၊ ကျောင်းအားကစားကွင်းများ၊ ကျေးရွာအားကစားကွင်းများ၊ အားကစား ကွင်းပွဲကြည့်စင်များ၊ အားကစာကွင်းအုတ်တံတိုင်းကာရံခြင်းများ၊ ဘတ်စကတ်ဘော အားကစားကွင်း ဖော်ထုတ် ခြင်း၊ မြန်မာ့သိုင်း၊ ကာယဗလ၊ အလေးမရုံတည်ဆောက်ခြင်းများ၊ ကြက်တောင်ရုံနှင့်စားပွဲတင် တင်းနစ်ရုံ တည် ဆောက်ခြင်းများ၊ အားကစားကွင်းရေနှုတ်မြောင်းလုပ်ငန်းများ၊ အားကစားခန်းမတည်ဆောက်ခြင်းများ၊ မီတာ ၄၀၀ ပြေးလမ်းများနှင့် လေ့ကျင့်ရေးအားကစားရုံတည်ဆောက်ခြင်း၊ အားကစားကွင်းမြက်ခင်းခြင်းလုပ်ငန်းများ၊ စသည့် ရှမ်းပြည်နယ်ရှိ မြို့နယ်များတွင်ဆောင်ရွက်မည့် လုပ်ငန်းများအား တင်ဒါလာလျှောက်ထားသူ Open Tendar လုပ်ငန်း ၁၀ ခုအတွက် ကုမ္ပဏီလုပ်ငန်းရှင် ၃၂  ဦး၊ Local Tendar လုပ်ငန်း ၉၇ ခု အတွက် ကုမ္ပဏီလုပ်ငန်းရှင်  ၇၃ ဦးတို့ တင်ပြလျောက်ထားကြပြီး၊ တက်ရောက် လာသည့်ကုမ္ပဏီလုပ်ငန်းရှင်များရှေ့ မှောက်တွင်တင်ဒါများကို ပွင့်လင်းမြင်သာ စွာဖွင့့်ပေါက်စစ်ဆေးခြင်းများဆောင်ရွက်ကြသည်၊ အဆိုပါတင်ဒါဖွင့်ပွဲကို နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်နေ့အထိနှစ်ရက်တိုင်တိုင် ကျင်းပခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

 

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကျင်းပ

တောင်ကြီး    နိုဝင်ဘာ   -   ၃၀

284
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် နိုဝင်ဘာ(၃၀)ရက် နံနက်(၆)နာရီက ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည် တစ်ခွင်ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကို ပြည်နယ်လေ့ကျင့်ရေးရုံအားကစားကွင်းရှေ့၌ကျင်းပရာ လမ်းလျှောက်ပွဲကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အားကစားတာလွှတ်သေနတ်ဖြင့် ပစ်ဖောက်တာလွှတ်ပေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီးဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများက ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ ရှေ့မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း လမ်းလျှောက်ပြီး စူဠာမုနိလောကချမ်းသာစေတီတော်ရင်ပြင်တွင် သွေးပူလေ့ကျင့်ခန်း အတွဲ(၁)၊ အတွဲ(၂) ပြုလုပ်ကြပြီး လမ်းလျှောက်ကြသည့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား ပြည်နယ်အားကစား နှင့်ကာယပညာဦးစီးဌာနမှ စက်ဘီး၊ ထမင်းပေါင်းအိုး၊ စတီးချိုင့်၊ ဓါတ်ဗူးတို့ကို ကံစမ်းမဲလက်မှတ် ဖောက်ပေးကြောင်းနှင့် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် လူထုလမ်းလျှောက်ပွဲ ပထမအပတ်၌ စုစုပေါင်းအင်အား (၃)သောင်းကျော် ပါဝင်ဆင်နွှဲ ကြကြောင်းသိရရှိသည်။
မောင်မောင်သန်း(တောင်ကြီး)
09 250132943

ဒုတိယအကြိမ် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကျင်းပ

တောင်ကြီး        နိုဝင်ဘာ    -၂၆

280
    ရှမ်းပြည်အတွင်း စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်နိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း များ ဖော်ထုတ်နိုင်ရန်နှင့် ရှမ်းပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအကြား ချိတ်ဆက်ဆောင်ရွက်မှုများ မြှင့်တင်စေရန်ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကို နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့ Royal Taunggyi Hotel ၌ကျင်းပသည်။
    ဆက်လက်၍ ဒုတိယအကြိမ် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ဖွင့်ပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး H.E Mr. Thomas Neisinger တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
    ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ ယနေ့ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှအားထုတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီနှင့်အတူ ပြည်နယ် များမှ လုပ်ငန်းရှင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် အဓိကဝိုင်းဝန်းကူညီပံ့ပိုးပေးကြသော ဂျာမနီပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ)ကိုလည်း အထူးကျေးဇူးတင်ရှိ ပါကြောင်းနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအကြား ချိတ်ဆက်မှုရရှိစေရန် ယနေ့ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကိုလည်း အောင်မြင်စွာကျင်းပနိုင်ရန် မျှော်လင့်ထားပြီး ရှမ်းပြည်နယ်အတွင်းရှိ တန်ဖိုးရှိလှစွာသော ရင်းနှီးမြှုပ်နှံမှုအလားအလာကောင်းများကို ဆွေးနွေးမှုများမှတစ်ဆင့်ဖော်ထုတ်နိုင်ရန် များစွာမျှော်လင့်မိပါကြောင်း၊ ရှမ်းပြည်နယ်သည် ကောင်းမွန်အေးမြသော ရာသီဥတုရှိခြင်း၊ စိုက်ပျိုးရန်ကောင်းမွန်သည့် မြေဧရိယာများစွာကျန်ရှိနေခြင်း၊ လှပပြီးစိတ်ဝင်စားဖွယ်ကောင်းသော သဘာဝရေကန်များ၊ လှိုဏ်ဂူများ၊ တောတောင်များ၊ သာသနာ့နယ်မြေများရှိခြင်း၊ တရုတ်-ထိုင်း-လာအို နိုင်ငံများဖြင့် နယ်နိမိတ်ထိစပ်လျက်ရှိခြင်း၊ မြန်မာနိုင်ငံ၏နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် ကုန်သွယ်ရေးဇုန်များရှိခြင်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ပေါကြွယ်စွာထွက်ရှိခြင်း၊ ရေ၊ လျှပ်စစ်မီး၊ လမ်းအစရှိသော အခြေခံအဆောက်အဦများ တင့်တယ်စွာရှိနေခြင်း၊ လေယာဉ်ကွင်းများရှိခြင်း၊ လေယာဉ်ကွင်းများနှင့် လေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲရန် အစီအစဉ်များရှိခြင်း၊ အာရှအဝေးပြေးလမ်းမကြီးများ ဖြတ်သန်းရာ လမ်းကြောင်းပေါ်တွင်ရှိခြင်းစသည့် အချက်များနှင့် ပြည့်စုံလျက်ရှိခြင်းကြောင့် ရှမ်းပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံး၏ စီးပွားရေး အင်အားတောင့်တင်း ခိုင်မာသော ပြည်နယ်တစ်ခုဖြစ်ကြောင်းပြောကြားသွားသည်။
    ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းမှ မိန့်ခွန်းပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး H.E Mr. Thomas Neisinger မှအဖွင့်အမှာစကားများ အသီးသီးပြောကြားကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်မှ ရှမ်းပြည်နယ်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆောင်ရွက်ချက်များဖြစ်သည့် Promotion Video Clip ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းနှင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ Website တို့အား ရှင်းလင်း မိတ်ဆက်ပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဆိုင်ရာရင်းနှီးမြှုပ်နှံမှုများကိုလည်းကောင်း၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်မှ ရှမ်းပြည်နယ်၏ စိုက်ပျိုးရေးဆိုင်ရာ အခွင့်အလမ်းများကိုလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရှိ စိုက်ပျိုးရေးပညာရှင် ဦးစိုင်းဖြိုးလွင်ဦးမှ ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ အခြေအနေစသည့်ခေါင်းစဉ်များဖြင့် လည်းကောင်း အသီးသီးဆွေးနွေးကြကြောင်းသိရသည်။
    ယင်းနောက် ရှမ်းပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ Fresh Studio  မှ Country Director ဖြစ်သူ Ms. Esther Wintraecken ၊ Genius Coffee မှ ဒါရိုက်တာ ဦးငွေထွန်းနှင့် Metro Wholesale Myanmar Ltd., မှ Chief Executive Officer ဖြစ်သူ Mr. Jens Michel တို့မှ အသီးသီးပါဝင်ဆွေးနွေးကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်က နိဂုံးချုပ်အမှာစကားပြောကြားကြောင်းသိရသည်။
    အဆိုပါ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ ပါဝင်တက်ရောက်နေသူများသည် နိုဝင်ဘာ ၂၇ ရက်နေ့တွင် အေးသာယာ စက်မှုဇုန်အပါအဝင် ရင်းနှီးမြှုပ်နှံမှုအလားအလာရှိသော နေရာများသို့ သွားရောက်လေ့လာ ကြည့်ရှုကြမည်ဖြစ်ကြောင်းနှင့် ဒုတိယအကြိမ်မြောက်ဖိုရမ်ကို ရှမ်းပြည်နယ်အတွင်း ကျင်းပပြုလုပ်ခဲ့ပြီး၊ ပထမအကြိမ် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် တောင်ကြီးမြို့ရှိ Royal Taunggyi Hotel တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)

တောကျယ်ကျေးရွာ ရေပြာအိုင်အဝင်လမ်း ကတ္တရာလမ်းဖွင့်ပွဲ ကျင်းပ

ရွာငံ    နိုဝင်ဘာ   -   ၃၀

283
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာအုပ်စု တောကျယ်ကျေးရွာ ရေပြာအိုင်အဝင်လမ်း (၁)မိုင် (၁)ဖာလုံ ကတ္တရာလမ်းဖွင့်ပွဲကို နိုဝင်ဘာ(၂၉)ရက် နံနက်(၉)နာရီက အဆိုပါနေရာ၌ ကျင်းပသည်။
ကတ္တရာလမ်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးခွန်ရဲထွေး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခင်သက်၊ Robust Goal Group of Companies မှဒါရိုက်တာဦးသက်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမွှေးနံသာရည်များ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကတ္တရာလမ်းအား လှည့်လည်ကြည့်ရှုကြပြီး အစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်သူတို့ လူနေမှုဘဝများ တိုးတက်မြင့်မားရေးမှာ လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ မြို့ချင်းဆက်လမ်းများသည် အတိုင်းအတာတစ်ခုထိ ဖွံ့ဖြိုးနေပြီးဖြစ်သော်လည်း ကျေးလက်လမ်းများမှာ ဖွံ့ဖြိုးမှုအားနည်းနေသေးသည်ကိုတွေ့ရမှာဖြစ် ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လက်ရှိအချိန် (၅၀%)သည် ရာသီမရွေးသွားလာနိုင်ပြီး(၃၆%)သည် ပွင့်လင်းရာသီ အထိလမ်းများ ဖောက်လုပ်ပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာနှစ်ထိ (၃)နှစ်တာကာလအတွင်း ကွန်ကရစ်လမ်း(၂/၁)မိုင်၊ ကတ္တရာလမ်း (၇၄/၅.၄၄၉)မိုင်၊ ကျောက်လမ်း(၉၄/၀.၅၂၈)မိုင်၊ မြေသားလမ်း(၁၁၁/၃.၄၃၅)မိုင်၊ လမ်းစုစုပေါင်း(၃၀၈/၅.၇၉၁)မိုင်နှင့် ကွန်ကရစ်တံတား (၅၅)စင်း၊ သစ်သားတံတား(၂)စင်း၊ Box Cullvert (၁၇၄)စင်းတို့အား ပြည်နယ်အစိုးရက စီမံခန့်ခွဲချမှတ်ပေးသည့် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တောကျယ်ရေပြာအိုင်အဝင်လမ်း ကတတ္တရာလမ်းသစ်(၁/၁)မိုင် အကျယ်(၂၄)ပေရှိ လမ်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ Robust Goal Grouup of Companies (High Land Road Construction Co.Ltd) မှလူထုအကျိုးပြုလုပ်ငန်းအဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ကုန်ကျငွေအားဖြင့် (၁၈၅.၅)သန်းကုန်ကျခဲ့ပြီး ကျေးရွာ(၁၀)ရွာ၊ အိမ်ခြေ(၂၂၆)အိမ်၊ လူဦးရေ(၁၄၁၉)ဦးကို အကျိုးပြုစေတာဖြစ်ကြောင်း၊ လှူဒါန်း ဆောက်ရွက်ပေးသော Robust Goal Group of Companines(High Land Road Construction Co.Ltd) အားအထူးကျေးဇူး တင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းရင်းသားဒေသခံများ ကိုယ်စားပြောကြားလိုကြောင်းနှင့် စီမံကိန်းလုပ်ငန်း များအောင်မြင်စေရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသော ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခင်သက်မှ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာမှုလွယ်ကူစေရေးအတွက် ရှမ်းပြည်နယ်အတွင်း ကျေးလက်လမ်း(၁၁၁၆၂.၄၅၉)မိုင် ဖောက်လုပ်ထားပြီး (၃)နှစ်အတွင်း လမ်း(၃၈၀)မိုင်နှင့် တံတား(၁၃၂)စင်းတို့ကို အဆင့်မြှင့် တင်ခြင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံတစ်ဝှမ်း ကျေးလက်လမ်းမိုင်ပေါင်း(၅၅၅၀၇)နှင့် တံတား(၂၄၁၈၃)စင်းကို တာဝန်ယူ စီမံခန့်ခွဲလျက်ရှိပြီး လမ်းတံတားအသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းပမာဏ အလွန်များပြားလွန်းသည့်အတွက် ရန်ပုံငွေလိုအပ်ချက်များစွာ ရှိပါသေးကြောင်း၊ ကျေးလက်ဒေသများဖွံ့ဖြိုးရေးအတွက် တည်ဆောက်ပေးထားသည့် ကတ္တရာလမ်းသစ်အား ရေရှည်တည်တံ့စေရန် ဒေသခံ ပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန် ပြောကြားသည်။
ထို့နောက် Robust Goal Group of Companies ဒါရိုက်တာဦးသက်ဦးမှ တောကျယ်ကျေးရွာ ရေပြာအိုင် အဝင်လမ်း (၁)မိုင် (၁)ဖာလုံ ကတ္တရာလမ်း လှူဒါန်းရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက Robust Goal Group of. Companies မှဒါရိုက်တာဦးသက်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ကာ ကုမ္ပဏီဒါရိုက်တာဦးသက်ဦးမှ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား နေရာအရောက်လက်ဆောင် ပစ္စည်းများပေးအပ်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09 250132943

တောင်ကြီးမြို့ ရှမ်းနှစ်သစ်ကူးပွဲတော် ညစာစားပွဲကျင်းပ

တောင်ကြီး        နိုဝင်ဘာ    - ၂၆

279
    ရှမ်းသက္ကရာဇ် ၂၁၁၄ ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော် ညစာစားပွဲကို နိုဝင်ဘာ ၂၅ ရက် ည ၆ နာရီက တောင်ကြီးမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံး၌ကျင်းပသည်။
    အခမ်းအနားတွင် အမျိုးသားလွှတ််တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ရှမ်းနှစ်သစ်ကူးပွဲတော်ကို အနယ်နယ်အရပ်ရပ်မှ ကျင်းပခဲ့ကြပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယခုနှစ် ပွဲကြီးကို တောင်ကြီးမြို့တွင်ကျင်းပနိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်း မြှင့်တင်နိုင်ရေး၊ လက်ဆင့်ကမ်းရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းပြုစု ပျိုးထောင်ပေးရေးနှင့် ရှမ်းတိုင်းရင်းသားများ အပါအဝင်၊ ကျန်တိုင်းရင်းသားများအားလုံးလည်း အတူအကွပူးပေါင်းဆောင်ရွက်နိုင်စေရန် ထုံးတမ်းအစဉ်အလာ ရိုးရာမပျက် ကျင်းပသည့်ပွဲဖြစ်ကြောင်း၊ သာသနာသက္ကရာဇ် ၄၅၀ ခုနှစ်မှစတင်ပြီး ရှမ်းနှစ်သက္ကရာဇ်ကို ရေတွက်ခဲ့သည့်အတွက် ယခုလာမည့် နတ်တော်လဆန်း ၁ ရက်နေ့ကို ရှမ်းသက္ကရာဇ် ၂၁၁၄ ခုနှစ်မြောက်ရှမ်းနှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်လာခဲ့သည့် အတွက် ရှေးအစဉ်အဆက် ရိုးရာအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သော ရှေးလူကြီးများကိုလည်း အထူးပင်ဂုဏ်ယူ မိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း အတူတကွနေထိုင်လာကြသော တိုင်းရင်းသားများအားလုံးသည် ယခင်ကဲ့သို့ ချစ်ခင် စည်းလုံးစွာ ဆက်လက်နေထိုင်ကြပြီး၊ ရိုးရာထုံးတမ်းစဉ်လာ၊ ဝတ်စားဆင်ယင်မှုများအပြင် စာပေယဉ်ကျေးမှုများကိုလည်း ဆက်လက်ထိန်းသိမ်းသွားနိုင်ကြရန် အထူးတိုက်တွန်းပြောကြားသွားသည်။
    ဆက်လက်၍ ရှမ်းရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးစိုင်းထွန်းမြမှ ကျေးဇူးတင်စကားပြောကြား၍ ရှမ်းတိုင်းရင်းသား ရိုးရာဝတ်စုံများဖြင့် ပြသဖျော်ဖြေတင်ဆက်ကြကြောင်းသိရှိရသည်။   
မောင်မောင်သန်း(တောင်ကြီး)

More Articles...

  1. ရှမ်းပြည်နယ်အတွင်းရှိဌာနဆိုင်ရာများအားe-government အထောက် အကူပြုအခြေခံ ကွန်ပျူတာသင်တန်းဖွင့်
  2. ရှမ်းနှစ်သစ်ကူးပွဲတော် တောင်ကြီးမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ
  3. ရှမ်းပြည်နယ် လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့ ရှမ်းပြည်နယ်အတွင်း ထုတ်ပေးထားသည့် ခွင့်ပြုမိန့်များစာရင်း
  4. ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပ
  5. ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အကြီးတန်း၊ အငယ်တန်း၊ မသန်စွမ်းသူများ အပျော်တမ်းအပြေးပြိုင်ပွဲ အင်အား(၁၈၉၀)ကျော် ပါဝင်ဆင်နွှဲ
  6. ပထမဆုရရှိခဲ့သော အမျိုးသမီးဘောလုံးအသင်း၊ Myanmar FitnessDance ပြိုင်ပွဲနှင့် လှေလှော်ပြိုင်ပွဲတွင် ဆုရရှိသူများကိုဂုဏ်ပြုဆုငွေချီးမြှင့်
  7. SME အသေးစားစက်မှုလုပ်ငန်း ဆောင်ရွက်နေမှုအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု
  8. တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
  9. မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ဖွင့်ပွဲနှင့် ဆက်ကပ်လှူဒါန်းခြင်း၊ မဟာဘုံကထိန် ရေစက်ချတရားတော်နာကျင်းပ
  10. စျေးပြိုင်လေလံကြော်ငြာအမှတ်−၁/၂၀၁၉−၂၀၂၀(ဒေသဖွံ့ဖြိုးရေး) (သတ−ဖ) သစ်မာ (သစ်လုံး/တိုင်/ခွဲခြမ်း/သစ်ခွဲသား) များအား ဒေသဖွံ့ဖြိုးရေးသို့ ရောင်းချခြင်း

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 63 guests and no members online